Wednesday, August 18, 2010

ကျော်သူ၏ တဒင်္ဂလေးမှ အစဉ်ထာဝရသို့

နေ့စဉ် နေ့တဓူဝ နာရေးကိစ္စများ၊ ဆေးဝါးကုသပေးခြင်း ကိစ္စများ၊ လူမှုရေးကိစ္စရပ်များ၊ အသင်းသူ/သား၊ ၀န်ထမ်းများရဲ့ လူမှုရေးပြဿနာများ၊နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ဆက်ပြီး ပေးဆပ်မှုလုပ်ငန်းစဉ်များ စသည်တို့နှင့် မွန်းကြပ်နေမှုတို့သည် ကြာမြင့်လှပြီ ဖြစ်သည်။ စိတ်ပြေလက်ပျောက် စိတ်ကိုအနားပေးရန် ဘာသာရေးကျင့်စဉ်တို့နှင့် ကျင့်ကြံရန် ရည်ရွယ်၍ ကျွန်တော် သွားလာခွင့်ရှိသော မြန်မာပြည်တွင်း ရက်အနည်းငယ်မျှ ခရီးထွက်ခဲ့သော်လည်း ကိုယ်စိတ် နှလုံး အနားရသည်မရှိ။ ခရီးထွက်စဉ် ကာလအတွင်း တွေ့ကြုံခဲ့ရသော လူမှုရေးလုပ်ငန်းများထဲ၌သာ အကျွမ်းတ၀င် နွံနစ်ခဲ့ရသည်။

တစ်နေ့ကဖြစ်သည်။ စိတ်ဖိစီးမှု၊ ညစ်ညူးမှုများ ဖြစ်ပေါ်နေ၍ စိတ်ကို အနားပေးရန် ထွက်ပေါက်ရှာသည့်အနေနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးရှိ ဘုရားခန်းတွင်းသို့ ခေတ္တနားနေရန် ၀င်ရောက်ခဲ့သည်။ ဘုရားခန်း အ၀င်ဝတွင် အထဲမှ ဆူညံသံ၊ အော်ဟစ်သံတို့သည် ကျွန်တော့်အား ကြိုဆိုနေတော့သည်။ ကျွန်တော့်စိတ်ကို ပို၍ ညစ်ညူးစေတော့သည်။ သို့သော် လှမ်းပြီးသား ခြေလှမ်းတို့ကို နောက်မဆုတ်ပဲ ဆက်လက်ချီတက် သွားခဲ့ရာ … ဘုရားခန်းအတွင်းတွင် မျိုးဆက်သစ်ကလေးငယ်များနှင့် သူတို့၏ အင်္ဂလိပ်စာ ဆရာမ ဒေါ်ဧရာမောင်မောင်နှင့် သင်တန်းနည်း ပြအကူ ဒေါ်စိုးစန္ဒာ တို့ကို တွေ့မြင်ရတော့သည်။

မျိုးဆက်သစ် ကလေးများ … ပျော်နေကြသည်။

မျိုးဆက်သစ် ကလေးများ … ရယ်မောနေကြသည်။

မျိုးဆက်သစ် ကလေးများ … စကားပြောနေကြသည်။

သူတို့တွင် အချုပ်အနှောင်မရှိ။ ပိတ်ပင်မှုမရှိ။ တားဆီးမှုမရှိ။ ဟန့်တားမှုမရှိ။ အားကျလှပါဘိ။

ဆရာမ ဒေါ်ဧရာမောင်မောင်မှ ကျွန်တော့်အား ရှင်းပြသည်။ “ကလေးငယ်များ တစ်နေကုန် စာသင်ပေးနေပါက သူတို့၏ စိတ် ညစ်ညူးမှု၊ ဦးနှောက်ထိုင်းမှိုင်းမှု၊ ဥာဏ်မရွှင်မှုများ ဖြစ်ပေါ်တတ်၍ သူတို့လေးတွေကို အခုလို အချိန်ပိုင်း ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်ကြားထားသော ပုံပြင်ငယ်လေးများကို တစ်ဦးချင်း ပြန်လည်ပြောဆိုခြင်း၊ အင်္ဂလိပ်စာ ကြွယ်ဝ၍ ဥာဏ်ပညာ ထက်မြက်၊ ကိုယ်ခန္ဓာ သန်စွမ်းသွက်လက်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ် စကားလုံးများ ပြောဆို၍ Game ကစားစေခြင်းတို့ကို လုပ်ပေးရခြင်း ဖြစ်သည်။” … ဟူ၍ ဖြစ်သည်။

ဤတွင် ကျွန်တော့်အတွေးထဲ ဖျတ်ခနဲပေါ်လာသည်။ ကျွန်တော်၏ ကင်မရာအား အပြေး အလွှားယူ၍ သူတို့ကလေးတွေ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်လိုက်မိသည်။ သူတို့ကလေးတွေ၏ လှုပ်ရှားမှုကို မှတ်တမ်းတင်ရာတွင် ကျွန်တော့်၏ စိတ်နှလုံး လှုပ်ရှားမှုများက ပြင်းထန်လွန်းနေ၍ အချို့ သော ပုံရိပ်လွှာများသည် အနည်းငယ် Focusing (၀ါး) နေမှုကို နားလည်ခွင့်လွှတ် ပေးကြပါ။

ကျွန်တော့်၏ အတွေးပုံရိပ်တို့သည် … မျိုးဆက်သစ် ကလေးငယ်များ၏ တဒင်္ဂ ကြည်နူး ပျော်ရွှင်မှုတို့သည် အစဉ်ထာဝရ ဖြစ်စေချင်တော့သည်။ ထိုနည်းတူစွာ ကျွန်တော်တို့၏ လူမျိုး၊ ကျွန်တော်တို့၏ နိုင်ငံ၊ ကျွန်တော်တို့၏ ကမ္ဘာမြေကြီးသည်လည်း အစဉ်ထာဝရ ကြည်နူး ပျော်ရွှင်မှုတို့ ဖြင့် လွှမ်းခြုံပါစေသား . . . . ။

ကျော်သူ

0 comments:

Post a Comment