Monday, August 30, 2010

ဝိမုတ္တိသုခစေတီတော်


ကုသိုလ်ပြုနိုင်ကြပါသည်။

Sunday, August 29, 2010

No rule and don't care!

အိပ်ရာဝင်တုန်းက အသံပိတ်ထားတဲ့လက်ကိုင်ဖုန်းရဲ့တုန်ခါမှုကြောင့် စောစောစီးစီးလန့်နိုးလာတယ်။ အိပ်မှုံစုံမွှားနဲ့ပြန်ဖြေလိုက်တော့ အရှည်ကြီးရဲ့အသံဝါဝါကြီးနဲ့ "အကိုရေ ကျောင်းသားဆေးခန်းမှာ တစ်ယောက်ဆုံးသွားလို့ အကူအညီတောင်းလာတယ်" ဆိုတာကြောင့် "အေးကွာ မင်းအရင်သွားနှင့်လိုက်၊ နာရေးအကူအညီတောင်းခံလွှာယူသွားပြီး လက်ခံထားနှင့်" ဆိုပြီး ကတိုက်ကရိုက် ထရတာပေါ့။ မျက်နှာသစ်လို့မှမပြီးသေး မြည်ပြန်ပြီ ခေတ်မှီ ခလောက်သံ။ အိပ်ရေးမဝလို့ တိုချင်ချင်စိတ်ကိုထိန်းရင်း(ဘယ်တိုရဲမလဲ နာရေးဖြစ်ပြီဆို အရှည်ကြီးနဲ့ တခြားသူတွေက အရင်ရောက်နေကြ) "ကဲပြောပါဦး" ပေါ့။ "အကိုရေ လာတုန်းကတော့နာရေးတခု အဲဒါက တောရကျောင်းမှာထားပြီး မနက်ဖြန်မှ စီစဉ်ပေးရမှာ၊ အခု ဒီနေ့ကို လုပ်ပေးရမယ့် တခုပေါ်နေပြန်ပြီ" "အေး အေး ငါလည်းအခု ထွက်လာပြီ" လို့ ပြောပြီး ကမန်းကတန်း အဝတ်အစားလဲ၊ ကားစက်နှိုးတော့မှ ဒီတစ်ခါ ဖုန်းဆက်ရသူက ကျွန်တော်ဖြစ်ရပြီ။ "ဟဲလို၊ ကိုဇော်မင်းနိုင်ရေ ဧရာဝတီရုံးက လူတွေလွှတ်ပေးပါအုံး၊ နာရေးနှစ်ခုထပ်မှ ကားစက်နှိုးမရလို့" ပေါ့။ အရှည်ကြီးဆီဖုန်းပြန်ဆက်တော့ ကိုစိုးလဲရောက်နေပြီတဲ့။ တော်ပါသေးရဲ့ နို့မို့ အဖေါ်မရှိရင် ဖုန်းကတဂွမ်ဂွမ်ဖြစ်အုံးမှာ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာပုကလဲ အိပ်ယာထဲမှာ။ အေးလေ သူ့အသက်အရွယ်နဲ့ စိတ်ဆောင်လွန်းတော့ ပင်ပန်းရှာမှာပေါ့။ နာရီဝက်လောက်နေတော့ အဝေးရောက်ဧရာဝတီဝိုင်းတော်သားများ တွန်းအားပေးမှုနဲ့ ကားစက်နှိုးလို့ ရသွားတယ်။ ဘဏ္ဍာရေးမှူးဆီပြေး အကျိုးအကြောင်းပြောပြ လိုအပ်ငွေထုတ်ပြီး ကျောင်းသားဆေးခန်းကိုအရောက်သွားရတာပေါ့။ လမ်းမှာတော့ ဆီမန်းမန်းသလိုတတွတ်တွတ်ရွတ်ရင်း ကိုယ့်ကိုကိုယ်သတိပေးနေရတယ်။ "ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့" မေ့ပြီးသော့ပိတ်မိလို့ကတော့ ဘုန်းမောင် တယောက်တည်း။ ဖုန်းထဲက ဝိုင်းမေတ္တာပို့တာလဲခံရမယ်လေ။ ဒုတိယနာရေးက ကိုသိမ်းဆန်းတို့ဆီကတဆင့် အကြောင်းကြားတာဆိုတော့ သူတို့ရုံးက လိုက်မယ့်သူတွေသွားကြိုရသေးတယ်။ ဆေးခန်းရောက်လို့ ကာယကံရှင်ဘယ်မှာလဲဆိုတော့ ဖုန်းပြန်ဆက်မေးရတယ်။ လာတွေ့ပြန်တော့ သူတို့ကားလာမယ်တဲ့။ ကိုသိမ်းဆန်းလွှတ်ပေးမှာ ဆိုတော့ ရယ်ရမလို ငိုရမလို။ ဆုံးသွားတာဘယ်သူလဲဆိုတော့ မောင်ငယ်လေး(သူတို့အခေါ် ကိုငယ်လေး) အသက် ၆ နှစ်တဲ့။ ကဲ လူရယ်လို့ဖြစ်လာ မွေးဖွားလာပြီးရင် အသက်ဘယ်လောက်၊ ပညာအရည်အချင်းဘယ်လို၊ ဘယ်နေရာ ဘယ်အချိန် ဘယ်လိုစည်းကမ်း ဥပဒေမှမရှိ။ ဂရုလဲမစိုက်တဲ့ သေမင်း(No rule and don't care!) "မင်းအမေ အရူးမကြီးကို လာကြည့်ပါအုံး"လို့ မိုးထဲရေထဲ ရွှံ့ဗွက်ရေတွေပေါ် လူးလှိမ့်ငိုကြွေးနေတဲ့ အမေဆီက လုယူသွားခဲ့ပြီလေ။ သူ့အပူက ကျွန်တော်တို့ဆီလာဟပ်နေပေမယ့် ထုံးစံအတိုင်း ကာယကံရှင်ရဲ့ နေရပ်၊ လက်ရှိနေရာ၊ ကူညီပေးရမယ့်အချက်အလက်တွေတောင်းယူ အကူအညီတောင်းခံလွှာမှာဖြည့် လက်မှတ်ထိုးခိုင်းရတာပေါ့။ ( စေတနာနဲ့ တဖွဲ့ကို တဖွဲ့ အကူအညီဝိုင်းပေးကြတာတောင် အလောင်းလုတယ်၊ အလောင်းကောက်စားတယ်ဆိုတဲ့ ဘေးကအသံတွေကြောင့် အပူသည်တွေကို အပူပေးနေကြရတာကို တွေးမိတော့လဲ စိတ်မကောင်းစရာပါ။) အရှည်ကြီးနဲ့ ကိုစိုးက ပထမနာရေးအတွက် တောရကျောင်းမှာ အစီအစဉ်လုပ်နေချိန် "ကျမသားလေးကို မယ်ကုလွမ်ပြန်ယူသွားမယ်၊ မိသားစု အသိုက်အဝန်းအစုံအညီနဲ့ သင်္ဂြိုလ်ချင်တယ်"ဆိုတဲ့ ကိသာဂေါတမီလက်သစ်ကို တိုင်းတစ်ပါးမြေမှာ သူ့ရိုးရာထုံးစံတွေနဲ့မို့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ သို့သော်လည်း သူရှိစေချင်တဲ့ အသိုက်အဝန်းကို သင်္ဂြိုလ်အမီရောက်လာအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ ရပါတယ်။ အချိန်တိုအတွင်းစီစဉ်ရတော့ လူပန်းစိတ်ပန်းဖြစ်ရပေမယ့် အပြစ်တင်စရာကဘယ်သူလဲ။ လောကကြီးမှာ ကြုံရမယ့်အခက်အခဲတွေကို လူလည်ကျစွာရှောင်ထွက်သွားတဲ့ မောင်ငယ်လေးလား? စည်းမရှိ ကမ်းမရှိ ထင်ရာလုပ်နေတဲ့ ယမမင်းလား? စေတနာကို ကံလို့ ယုံကြည်နေတဲ့ ကျွန်တော်တို့လား? ဝိုင်းစဉ်းစားပေးကြပါဦး။


ရက်ရာဇာ (28/07/2010)

Thursday, August 26, 2010

သေခြင်းတရား

۩۩۩
သေခြင်းတရားအကြောင်း
ပြောဆိုတာလောက်မင်္ဂလာရှိတာ
လောကမှာမရှိတော့ပါဘူး။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာကျက်သရေအရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို
အမှတ်ထင်ထင်သတိရနေမှသာ
မသေခင်အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
အလုပ်သင့် အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့
တန်ဖိုးရှိရှိအသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။

۩۩۩

အလုပ်ပိုတွေ
အကာအလုပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားပြီး
အလုပ်လိုတွေ
အနှစ်အလုပ်တွေကို
အစွမ်းနိုင်ဆုံးဆောင်ပွားနိုင်ဖို့
သေခြင်းတရားကို
မဖြစ်မနေသတိရသင့်ပါတယ်။

۩۩۩

သေခြင်းတရားကိုသတိရအောက်မေ့တာ
သေခြင်းတရားကိုဆင်ခြင်ပွားများတာဟာ
စိတ်ညစ်ဖို့၊ စိတ်ဓါတ်ကျဖို့မဟုတ်ပါဘူး
စိတ်ခိုင်ဖို့၊ စိတ်ဓါတ်မြှင့်တင်ဖို့ပါ။

အရှင်ဆန္ဒာဓိက

ငြိမ်းချမ်းပါစေ ဆရာ

သံသရာတစ်ကွေ့မှာ
တစ်ဘ၀စာ
နားခိုရာအတွက် သာတူညီမျှ
ပိုင်ဆိုင်စရာ ၄ ပေ ၆ ပေ
ဖုန်းဆိုးမြေတစ်ကွက် ဘောင်မခတ်ပေမဲ့
တိကျတဲ့အပိုင်းအခြား
လူတန်းစားမရွေး ငြိမ်းချမ်းအေးစေ
သစ္စာမြေ




လေးစားရတဲ့ဆရာတစ်ယောက်တော့မနက်စောစောပိုင်းမှာဆုံးသွားတဲ့အကြောင်း ဖုန်းလာတယ် ဥက္ကဌ ကတော့အစောကြီးသွားလိုက်ပြီ ဥပုသ်နေ့မို့လို့ ဒီနေ့မွန်းလွဲ(၂)နာရီမှာတစ်ခါတည်း သင်္ဂြိုလ်မယ် ဆိုလို့
အဖွဲ့ဝင်တွေကိုအဆက်အသွယ်လုပ်ပြီး ဆရာကြီးရဲ့နေအိမ်ကိုသွားကြပါတယ်အိမ်ရောက်တော့ ဥက္ကဌ နဲ့ အဖွဲ့ဝင်တွေက ရုပ်အလောင်းကို ရေချိုး ခေါင်းပြင် စတာတွေကိုလုပ်ထား ပြီးနေပါပြီ


ကျွန်တော်တို့လဲလိုအပ်တာလေးတွေ ဆောင်ရွက်ရင်းနဲ့
ဆရာကြီးရဲ့တပည့်တွေမိတ်သင်္ဂဟတွေတစ်ဖွဲဖွဲရောက်လာကြပါတယ် ယောဂီအသင်းလဲရောက်လာတယ်
အသင်းအဖွဲ့တွေလဲတော်တော်စုံကြပါတယ် အားလုံးကလဲ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြပါတယ်။



ဆရာကြီးရဲ့မျက်နှာကတော့ပြုံးနေတာပဲ အဲဒါနဲ့ပဲဆရာတော်တစ်ပါးဆီက နာကြားခဲ့ရဖူးတဲ့တရားတစ်ပိုင်းတစ်စကို သတိရမိလိုက်တယ်
တစ်နေ့ကျရင်သေရမှာပဲလို့ ဆင်ခြင်ထားတဲ့ပုဂ္ဂိုလ်ဟာ လောကဓံတရားတွေနဲ့ကြုံတွေ့လာတဲ့အခါမှာခံနိုင်ရည်ရှိတယ် လူရယ်လို့ဖြစ်လာရင်တော့ လောကဓံဆိုတာ တစ်ပါးပါး၊ သို့မဟုတ် တစ်ပါးထက်များစွာကိုကြုံတွေ့နေရတာချည်းပါပဲ၊ လာဘော၊ အလာဘော၊ တစ်ခါတစ်ရံမှာ ပစ္စည်းဥစ္စာတွေပြည့်စုံပြီး၊ တစ်ခါတစ်ရံမှာ ချို့တဲ့တယ်။ ယသော၊ အယသော။ တစ်ခါတစ်ရံမှာ အခြံအရံတွေ များပြီး၊ တစ်ခါတစ်ရံကင်းမဲ့တယ်။ နိန္ဒာ၊ ပသံသာ။ တစ်ခါတစ်ရံမှာ ကဲ့ရဲ့ခံရပြီး၊ တစ်ခါတစ်ရံ ချီးမွမ်းခံရတယ်။ သုခံ၊ ဒုက္ခံ။ တစ်ခါတစ်ရံမှာ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး၊ တစ်ခါတစ်ရံမှာ ဆင်းရဲတယ်။ အဲလိုအားဖြင့် လောကဓံရှစ်ပါး တစ်ပါးပါး၊ သို့မဟုတ် တစ်ပါးထက်များတဲ့ လောကဓံတွေနဲ့ လူသားတွေဟာ အချိန်တိုင်း တွေ့ကြုံ နေကြရတာပါပဲ၊ အဲဒီလိုတွေ့ကြုံလာတဲ့အခါမှာ တစ်နေ့ကျရင် သေရမှာပဲ လို့ ဆင်ခြင်လိုက်မယ်ဆိုရင် ကြုံလာတဲ့လောကဓံကို ခံနိုင်ရည် ရှိသွားပါတယ်၊ ကြုံလာမှ ကောက်ကာငင်ကာ ဆင်ခြင်မယ်ဆိုရင်တော့ သိပ်စိတ်မချရဘူး။ လောကဓံနဲ့မကြုံတွေ့သေးခင် ကြိုတင်ပြီး ဆင်ခြင်ထားနိုင်မှ စိတ်ချရမယ်။ ကြိုတင်ပြီး ပြင်ဆင်ထား ဆင်ခြင်ထားတဲ့သူတွေ ဟာ သူတို့ကိုယ်သူတို့ကျေနပ်သွားပြီ သိသွားပြီ အဲဒါကြောင့်သူတို့မျက်နှာတွေဟာ ကြည်လင်လန်းဆန်းနေလိမ့်မယ် သေဆုံးသွားခဲ့ရင်တောင် သူ့မျက်နှာဟာ ပြုံးနေလိမ့်မယ် တဲ့



ဟုတ်တယ်ဗျာဆရာကြီးဟာဒါတွေအားလုံးပြင်ဆင်ထားပြီးဖြစ်ပါလိမ့်မယ် ဒါကြောင့်သူကိုယ်တိုင်လဲသံသရာဆိုတာကိုမကြောက်တဲ့၊
ကျန်ရစ်သူမိသားစုကိုလဲ ကြောင့်ကြပူဆွေးခြင်းမဖြစ်စေချင်တဲ့ အဓိပ္ပါယ်မျိုးနဲ့ ပြုံးနေပါလိမ့်မယ်




ဆရာကြီးကိုလေးစားချစ်ခင်တဲ့မိတ်သင်္ဂဟတွေအားလုံးပဲစုပေါင်းပြီးကျန်ရစ်သူမိသားစုနဲ့အတူဆရာကြီးရဲ့ နောက်ဆုံးခရီးကို ထုံးတန်းစဉ်လာအတိုင်း ကောင်းမွန်စာပို့ဆောင်နိုင်ခဲ့ကြပါတယ်။
ဝိုင်းဝန်းကူညီကြတဲ့အားလုံးသောမိတ်ဆွေများကိုကျေးဇူးအထူးတင်ရှိပါတယ်၊ကျန်ရစ်သူမိသားစုနဲ့လဲထပ်တူထပ်မျှဝမ်းနည်း
မိပါကြောင်း ကျွန်တော်တို့နာရေးကူညီမှုအသင်းမှပြောကြားလိုပါတယ်ခင်ဗျာ။

မောင်မင်း


Wednesday, August 18, 2010

ကျော်သူ၏ တဒင်္ဂလေးမှ အစဉ်ထာဝရသို့

နေ့စဉ် နေ့တဓူဝ နာရေးကိစ္စများ၊ ဆေးဝါးကုသပေးခြင်း ကိစ္စများ၊ လူမှုရေးကိစ္စရပ်များ၊ အသင်းသူ/သား၊ ၀န်ထမ်းများရဲ့ လူမှုရေးပြဿနာများ၊နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ဆက်ပြီး ပေးဆပ်မှုလုပ်ငန်းစဉ်များ စသည်တို့နှင့် မွန်းကြပ်နေမှုတို့သည် ကြာမြင့်လှပြီ ဖြစ်သည်။ စိတ်ပြေလက်ပျောက် စိတ်ကိုအနားပေးရန် ဘာသာရေးကျင့်စဉ်တို့နှင့် ကျင့်ကြံရန် ရည်ရွယ်၍ ကျွန်တော် သွားလာခွင့်ရှိသော မြန်မာပြည်တွင်း ရက်အနည်းငယ်မျှ ခရီးထွက်ခဲ့သော်လည်း ကိုယ်စိတ် နှလုံး အနားရသည်မရှိ။ ခရီးထွက်စဉ် ကာလအတွင်း တွေ့ကြုံခဲ့ရသော လူမှုရေးလုပ်ငန်းများထဲ၌သာ အကျွမ်းတ၀င် နွံနစ်ခဲ့ရသည်။

တစ်နေ့ကဖြစ်သည်။ စိတ်ဖိစီးမှု၊ ညစ်ညူးမှုများ ဖြစ်ပေါ်နေ၍ စိတ်ကို အနားပေးရန် ထွက်ပေါက်ရှာသည့်အနေနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးရှိ ဘုရားခန်းတွင်းသို့ ခေတ္တနားနေရန် ၀င်ရောက်ခဲ့သည်။ ဘုရားခန်း အ၀င်ဝတွင် အထဲမှ ဆူညံသံ၊ အော်ဟစ်သံတို့သည် ကျွန်တော့်အား ကြိုဆိုနေတော့သည်။ ကျွန်တော့်စိတ်ကို ပို၍ ညစ်ညူးစေတော့သည်။ သို့သော် လှမ်းပြီးသား ခြေလှမ်းတို့ကို နောက်မဆုတ်ပဲ ဆက်လက်ချီတက် သွားခဲ့ရာ … ဘုရားခန်းအတွင်းတွင် မျိုးဆက်သစ်ကလေးငယ်များနှင့် သူတို့၏ အင်္ဂလိပ်စာ ဆရာမ ဒေါ်ဧရာမောင်မောင်နှင့် သင်တန်းနည်း ပြအကူ ဒေါ်စိုးစန္ဒာ တို့ကို တွေ့မြင်ရတော့သည်။

မျိုးဆက်သစ် ကလေးများ … ပျော်နေကြသည်။

မျိုးဆက်သစ် ကလေးများ … ရယ်မောနေကြသည်။

မျိုးဆက်သစ် ကလေးများ … စကားပြောနေကြသည်။

သူတို့တွင် အချုပ်အနှောင်မရှိ။ ပိတ်ပင်မှုမရှိ။ တားဆီးမှုမရှိ။ ဟန့်တားမှုမရှိ။ အားကျလှပါဘိ။

ဆရာမ ဒေါ်ဧရာမောင်မောင်မှ ကျွန်တော့်အား ရှင်းပြသည်။ “ကလေးငယ်များ တစ်နေကုန် စာသင်ပေးနေပါက သူတို့၏ စိတ် ညစ်ညူးမှု၊ ဦးနှောက်ထိုင်းမှိုင်းမှု၊ ဥာဏ်မရွှင်မှုများ ဖြစ်ပေါ်တတ်၍ သူတို့လေးတွေကို အခုလို အချိန်ပိုင်း ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်ကြားထားသော ပုံပြင်ငယ်လေးများကို တစ်ဦးချင်း ပြန်လည်ပြောဆိုခြင်း၊ အင်္ဂလိပ်စာ ကြွယ်ဝ၍ ဥာဏ်ပညာ ထက်မြက်၊ ကိုယ်ခန္ဓာ သန်စွမ်းသွက်လက်စေရန် ရည်ရွယ်ပြီး အင်္ဂလိပ် စကားလုံးများ ပြောဆို၍ Game ကစားစေခြင်းတို့ကို လုပ်ပေးရခြင်း ဖြစ်သည်။” … ဟူ၍ ဖြစ်သည်။

ဤတွင် ကျွန်တော့်အတွေးထဲ ဖျတ်ခနဲပေါ်လာသည်။ ကျွန်တော်၏ ကင်မရာအား အပြေး အလွှားယူ၍ သူတို့ကလေးတွေ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်လိုက်မိသည်။ သူတို့ကလေးတွေ၏ လှုပ်ရှားမှုကို မှတ်တမ်းတင်ရာတွင် ကျွန်တော့်၏ စိတ်နှလုံး လှုပ်ရှားမှုများက ပြင်းထန်လွန်းနေ၍ အချို့ သော ပုံရိပ်လွှာများသည် အနည်းငယ် Focusing (၀ါး) နေမှုကို နားလည်ခွင့်လွှတ် ပေးကြပါ။

ကျွန်တော့်၏ အတွေးပုံရိပ်တို့သည် … မျိုးဆက်သစ် ကလေးငယ်များ၏ တဒင်္ဂ ကြည်နူး ပျော်ရွှင်မှုတို့သည် အစဉ်ထာဝရ ဖြစ်စေချင်တော့သည်။ ထိုနည်းတူစွာ ကျွန်တော်တို့၏ လူမျိုး၊ ကျွန်တော်တို့၏ နိုင်ငံ၊ ကျွန်တော်တို့၏ ကမ္ဘာမြေကြီးသည်လည်း အစဉ်ထာဝရ ကြည်နူး ပျော်ရွှင်မှုတို့ ဖြင့် လွှမ်းခြုံပါစေသား . . . . ။

ကျော်သူ

Tuesday, August 17, 2010

အလုပ်သမားအရေး ဝိုင်းဆွေးနွေး

ယနေ့(17-08.2010) ရက်နေ့ မနက်(၀၉း၃၀)နာရီအချိန်မှာ အဝေးရောက်ဧရာဝတီအသင်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပါတ်သက်သည့်အရေးကိစ္စများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
မိမိတို့နာရေးကူညီမှုအသင်းအဖွဲ့ဝင်များအပြင်၊ MAP ဖောင်ဒေးရှင်း၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ ဥတ္တမဖောင်ဒေးရှင်း၊ မြန်မာအလုပ် သမား များ ကွန်ယက်၊ ရခိုင်အလုပ်သမားသမဂ္ဂ၊ အဝေးရောက်ဧရာဝတီအသင်း၊ လူ့ဘောင်သစ်ပါတီ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် MAP ဖောင်ဒေးရှင်းမှ သုတေသနအရာရှိ မစ္စတာ ဂျက်(ဖ်) တို့တက်ရောက်ကြပါသည်။ ရှေးဦးစွာ တစ်ဦးတစ်ယောက်ချင်း မိတ်ဆက်ကြ၍ အဖွဲ့တစ်ဖွဲ့ချင်း၏ ဆောင်ရွက်ချက်များကို ပြောကြားကြပါသည်။ အလုပ်သမားများ၏အခြေအနေ၊ အခွင့်အရေး၊ အလုပ်အကိုင်ရရှိရေး၊ လုံခြုံရေးနှင့် အထွေထွေဗဟုသုတ ရရှိရေးများအား အပြန်အလှန်ဆွေးနွေးကြပါသည်၊ ယ္ခု အဓိကဆွေးနွေးရခြင်း အကြောင်းအရင်းမှာ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့အမြဲ Connect ဖြစ်နေစေရန်နှင့် အလုပ်သမားများ၏ အရေးကိစ္စများအား ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်၊ ဆွေးနွေးပွဲကို MAP ဖောင်ဒေးရှင်းမှ ဦးစီးဆောင်ရွက်ခြင်းဖြစ်ပါသည်၊ နေ့လည်(၁၂း၁၅)မိနစ်တွင် ဆွေးနွေးပွဲကို ကျင်းပပြီးစီးခဲ့ပါသည်။ တက်ရောက်လာကြသော အသင်းအဖွဲ့များမှကိုယ်စားလှယ်များအားအဝေးရောက်ဧရာဝတီအသင်းမှ
နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။

မောင်မင်း

Tuesday, August 10, 2010

ပြန်ဆုံခြင်းကောင်း

မနေ့ကအသိတစ်ယောက်ကသူ့ရုံးကကွန်ပြူတာဗွေဖေါက်နေလို့ လာကြည့်ပေးပါဦးဆိုလို့ လုပ်လက်စတွေဒီတိုင်းပဲ ထားခဲ့ ပြီး အဲဒီရုံးဘက်ရောက် သွားတယ်ဟိုရောက်တော့လဲရောက်ရောက်ချင်းပဲ ဂျီမေး ၀င်ထားလိုက်တယ်။ တစ်ယောက်ယောက်မေးလ်ပို့ ဖိုင်ပို့ အဆက်အသွယ်လုပ်လာရင် မသိလိုက်မှာစိုးလို့ ထင်တဲ့အတိုင်းပဲ အလုပ်လုပ်နေလို့ သိပ်မကြာပါဘူး တစ်ဘက်ကနေဂျီတော့ခ်နဲ့စာရိုက်လာတယ်။ လူတစ်ယောက် ဆက်သွယ်လာလို့တဲ့ ကိုရန်က လှမ်းပြော တာ ကျွန်တော်ကစက်ဖွင့်ခဲ့တာကိုး လူတစ်ယောက်က အသင်းအကြောင်းလှမ်းမေးတယ်တဲ့သူကရှင်းပြရတယ် အသင်းရဲ့ ဆောင်ရွက်ချက်အဆင့်ဆင့်နဲ့တစ်ဘက်ကသိချင်တာအကုန်လုံးပေါ့ အဲဒါနဲ့အဲဒီပုဂ္ဂိုလ်ကကျွန်တော်အလှူငွေထည့်ချင်တယ် ဘယ်ကိုလာရမလဲ ဒါမှမဟုတ်သူ့အိမ်ကိုလာလို့ရမလားလို့မေးတဲ့အခါကြတော့ ကိုရန်လည်းဝမ်းသာအားရနဲ့ ကျွန်တော့်ကို လှမ်းပြောတာပေါ့ ဒါနဲ့ကျွန်တော်လဲ အလုပ်ကိုလက်စသတ်ပြီးပြန်ခဲ့တယ်။ ဆက်သွယ်လာတဲ့သူ ဘယ်သူလဲဆိုတာ ကြည့်လိုက်တော့မှ ကျွန်တော့်အသိ စောယုရီ ဖြစ်နေတယ်။ ကျွန်တော် တို့ကပြီးခဲ့တဲ့ (၄) နှစ်လောက်ကတည်းကရန်ကုန်မှာ ခင်မင်ခဲ့ကြတာပါ ပညာတတ် ရုပ်ချော သဘောကောင်း အဲဒီလို အချက်တွေနဲ့ပြည့်စုံတဲ့သူပါ၊ အဲဒါနဲ့ပဲ ကျွန်တော်က သူ့ဆီပြန်ဆက်သွယ်ပြီး ဘယ်တော့လာခဲ့ရမလဲမေးတော့ သူကရုံး မှာဘဲရှိသေးတယ် ညနေ(၅)နာရီရုံးဆင်းမယ် (၅း၃၀)လောက်လာခဲ့ပါအိမ်ကစောင့်နေမယ်လို့ပြောပါတယ်၊ကျွန်တော်တို့လဲ ရုံးမှာ ဂုဏ်ပြုမှတ်တမ်းလွှာတို့ ရုံးတံဆိပ်တုံးတို့ ယူပြီး ဒု-ဥက္ကဌ၊တွဲဘက်အတွင်းရေးမှူး(၁)၊ ပြန်ကြားရေးမှူး၊ အဖွဲ့ဝင်တစ် ယောက်တို့နဲ့အတူသွားကြတာပေါ့ဗျာ၊ အလှူရှင်ကလဲသူ့အိမ်ရှေ့မှာကျွန်တော်တို့အဖွဲ့ကိုစောင့်နေလေရဲ့၊ အိမ်ထဲရောက် တော့သူက လှူခွင့်ရတဲ့အတွက်အရမ်းဝမ်းသာမိတဲ့အကြောင်း ပြောတယ် အရမ်းကိုစေတနာကောင်းပါတယ်ဗျာ။ သူက ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပါ၊ သူလဲဒီလိုလူမူရေးအလုပ်တွေစိတ်ဝင်စားကြောင်း ဒါပေမယ့်အလုပ်မအားတာက တစ်ကြောင်း အခြေအနေမပေးတာကတစ်ကြောင်းဆိုတော့မလုပ်ဖြစ်ဘူး ကျွန်တော်တို့တွေလုပ်နေကြတာ သိရတော့ သူလေးစားတယ် ၀မ်းသာတယ် ဒါကြောင့်အလှူငွေထည့်ပြီးကုသိုလ်ယူမယ်ဆိုပြီး စိတ်ကူးမိတယ်ဆိုတဲ့အကြောင်းတွေ ပြောပါတယ်၊သူကဘတ်(၃၀၀၀)လှူတယ် အဲဒါအပြင် ကိုအောင်မျိုးမင်းကိုလဲဖုန်းဆက်ပြီးအလှူ ငွေထည့်ဖို့နှိုးဆော်တယ် ဟိုကလဲ သဒ္ဓါစိတ်ရှိပြီးသားသူဆိုတော့ (၁၀၀၀) လှူမယ်တဲ့၊ပြီးတော့နောက်တစ်ယောက် ထိုင်းလူမျိုးတစ်ယောက်ပါ ချင်းမိုင်မှာ နေပါတယ် နာမည်က Mr. Matee Sriphuttha ပါ။ သူ့ကိုလဲဖုန်းဆက်ပြီးပြောလိုက်တော့သူကလဲ(၁၀၀၀)ထည့်မယ်ပေါ့ဗျာ လောလောဆယ်တော့သူတို့ကလှူတဲ့(၁၀၀၀)စီ ကိုကျွန်တော့်မိတ်ဆွေကပဲ စိုက်လှူလိုက်တယ်။ ကျွန်တော်တို့အဖွဲ့တွေလဲ ၀မ်းသာလွန်းလို့ တစ်ယောက်ပြီးတစ်ယောက်ကျေးဇူးတင်စကားတွေပြောဖြစ်ကြတယ်၊ ခဏကြာတော့ သူလဲအပြင်သွား ရမယ့်ကိစ္စ ရှိနေတော့ ကျွန်တော်တို့အလှူခံအဖွဲ့လဲ နူတ်ဆက်ပြီးပြန်ခဲ့ကြပါတယ်။ အဲဒါပေါ့ဗျာ ကျွန်တော်တို့မြန်မာပြည်သားတွေ အလှူဒါနလုပ်တဲ့နေရာမှာ လက်နှေးတဲ့လူမျိုးတွေမဟုတ်ပါဘူး သမိုင်းကြီးကြီးတွေရှိခဲ့တာပဲသူများနိုင်ငံမှာလုပ်ကိုင်စားသောက်နေရတော့ရပ်တည်မှုတစ်ခုအတွက်ခက်ခက်ခဲခဲရုန်းကန်နေရတာ အပိုအလျှံဆိုတာမရှိသလောက်ပါ တစ်ချို့ကလှူချင်တန်းချင်ပေမယ့်မရှိတော့မလှူရဘူးလေ။ ဒီအထဲမှာမှ အခုလိုမျိုး စေတနာထက်ထက်သန်သန်နဲ့ဆက်သွယ်လာပြီးကိုယ်တိုင်လဲလှူ၊အခြားလူတွေလှူဖြစ်အောင်လဲ ဆော်သြပေးခဲ့တဲ့ ကျွန်တော့် မိတ်ဆွေစေတနာရှင်တစ်ယောက် သံသရာမှာကျင်လည်နေရတဲ့အခိုက်အတန့်များမှာလဲ မရှိဘူးလို့မပြောရ လောက်အောင် ပြည့်စုံတဲ့ဘ၀မျိုးတွေနဲ့သာနေရပြီး လူဖြစ်လဲလူချမ်းသာ နတ်ဖြစ်လဲနတ်ချမ်းသာ အဖြစ်နဲ့ မိမိလိုအင်ဆန္ဒ တိုင်း ပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော်တို့နာရေးကူညီမှုအသင်း(မဲဆောက်)ကဆုမွန်ကောင်းတောင်းလိုက် ရပါတယ် ခင်ဗျာ။

မောင်မင်း

Sunday, August 8, 2010

တပါတ်စာဆိုပါတော့

(၃-၈-၂၀၁၀)ရက်နေ့က ယာဉ်တိုက်မှုဖြစ်တယ်ဆိုပြီးဖုန်းဆက်လာတော့ကမန်းကတန်းလုပ်လက်စ
အလုပ်ကလေးတွေ ဖြတ်ပြီးတော့ ဆေးရုံဘက်ရောက်ခဲ့တယ် ဖြစ်စဉ်ကတော့ ဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတာပါ ဆိုင်ကယ်မှာကလူနှစ်ယောက်စီးတာရှေ့ကမောင်းတဲ့တစ်ယောက်က သိပ်မဆိုးရွားပေမယ့် နောက်တစ်ယောက် ကအခြေအနေမကောင်းဘူး နောက်နေ့မနက်ကျတော့ဆုံးသွားပြီတဲ့လေ ဆိုင်ကယ်နောက်မှာစီးတဲ့တစ်ယောက် ပေါ့။ အမည်က မောင်လင်းလင်း၊အသက်(၂၀)ပဲရှိသေးတယ်နှမြောစရာပေါ့ဗျာအရွယ်ခပ်ငယ်ငယ်ဘဲရှိသေးတာ သူ့အလုပ်မှာလဲအတော်အားကိုးရတယ်ဆိုပဲ။
ဒါပေမယ့်မမြင်နိုင်တဲ့ကံကြမ္မာဆိုးကြီးက၀င်လာခဲ့ပြီလေ ဖြစ်သွားပြီပဲ။ဘယ်သူဘာတတ်နိုင်ကြမှာလဲ အဲဒီတော့
တတ်နိုင်တဲ့အလုပ်ကသွားလေသူရဲ့ရုပ်ကြွင်းကိုကောင်းမွန်စွာသင်္ဂြိုလ်ပေးနိုင်ဖို့ရယ်၊ဘ၀ကူးကောင်းရေးအတွက် သံဃာတော်များပင့်ဖိတ် ကွယ်လွန်သူအားရည်စူး၍ကုသိုလ်လုပ် တရားနာ အမျှဝေပေါ့။ အဲဒါသူတို့ရုံးကတာဝန်ရှိသူတစ် ယောက်က နာရေးကိစ္စအပ်တယ်ပေါ့ဗျာ အပ်ပြီဆိုတော့လဲ အသင်းရဲ့လုပ်ထုံးလုပ်နည်းအရ အကြောင်းကြားစာ ပုံစံဖြည့်၊ကိုယ့်အဖွဲ့ဝင်တွေဆီဖုန်းဆက်အကြောင်းကြား၊ Death Certificate ယူ၊ ပြီးတော့ဘုံကျောင်းသွား ခေါင်းယူ အလောင်းရေချိုး ခေါင်းသွင်း စသည်ဖြင့်ပေါ့လေ၊ ဈာပနကို ကျောင်းကြီးကျောင်းမှာထားတယ်။ အန်တီစန်းတို့(မိုးကုတ်ယောဂီအဖွဲ့)ကလဲညပိုင်းမှာလာရွတ်ဖတ်ပူဇော်ကြတယ်။ (၅)ရက်နေ့ညကျတော့ ၀တ်ရွတ်တဲ့အဖွဲ့ပြန်ပို့ဖို့ကားမရှိလို့ ကိုရန့်ကားနဲ့ဘဲ ကမန်းကတန်းသွားပို့လိုက်ရသေးတယ်။
ကျောင်းကြီးမှာထားတဲ့နှစ်ရက်မှာလဲ ကျောင်းကဆရာတော်တွေဆွမ်းကပ် ဝေယျာဝစ္စ အကုန်လုံးလဲ ဆောင်ရွက်ပေးရပါတယ်။အဖွဲ့ဝင်အချို့လဲဘုန်းကြီးကျောင်းမှာစောင့်အိပ်ကြတယ် (၆-၈-၂၀၁၀)ရက်နေ့မှာ ကိုရန်ပဲ သူ့ကားနဲ့အသုဘလိုက်ပါပို့ဆောင်မဲ့ဆွေမျိုးမိတ်သင်္ဂဟတွေသွားကြို နေ့လည်(၁)နာရီမှာ မဲဆောက်
ထေ့စဘန်း သင်္ချိုင်းမှာကောင်းမွန်စွာ သဂြိင်္ုလ်ခဲ့ကြပါတယ်။
နာရေးလိုက်ပို့ကြတဲ့သူတွေကိုပြန်ပို့ ပြီး(၃)နာရီလောက်မှတော့အစစပြီးစီးခဲ့တယ်။

နောက်(၇-၈-၂၀၁၀)ရက်နေ့ ညပိုင်း(၀၈း၃၀)အချိန်မှာ ဖုန်းဝင်လာပြန်ရော ထေ့စဘန်းအနီးက အလုပ်သမား တန်းလျားကတစ်ယောက်ဆုံးလေပြီ၊ ဒေါ်ခင်ချို၊အသက်(၄၈)နှစ်၊ အဲဒါနဲ့အသင်းကအဖွဲ့ဝင်တွေ ချက်ချင်းပဲသွား ကြတယ် လိုအပ်တာတွေစီစဉ်ကြတယ်၊ကွယ်လွန်သူရဲ့မိသားစုကိုနှစ်သိမ့်စကားပြောပြီး ညဥ့်အတော်နက်မှ မိမိတို့နေထိုင်ရာကိုပြန်ကြရတယ်၊(၈)ရက်နေ့မနက်ပိုင်းကျတော့ အဖွဲ့ဝင်တွေအစောကြီးရောက်ရှိသွားပြီး လိုအပ်ချက်များဆောင်ရွက်ကြပါတယ်၊ အဖွဲ့ဝင်တွေရဲ့စည်းရုံးနိုင်မှုကြောင့်လုပ်ငန်းရှင်ထိုင်းသူဌေးမှ နာရေးပို့ဆောင်နိုင်ရန် ကား(၃)စီး စီစဉ်ပေးပါတယ်၊ ကိုရန့် ကားနဲ့ဆိုအားလုံး(၄)စီးပေါ့၊ နေ့လည်(၁)နာရီရောက်တော့ဘတ်နှစ်ရာ သုဿန်မှာကောင်းမွန်စွာသဂြိင်္ုလ်ပေးခဲ့ကြတယ်၊
ကွယ်လွန်သူရဲ့သမီးဖြစ်သူမိသားစုကစေတနာတရားထက်သန်စွာဖြင့်အလှူငွေ(၅၀၀)ဘတ် နာရေးအသင်းသို့ လှူဒါန်းပါသည်၊၄င်းက "ဆရာတို့အသင်းကိုအရမ်းကျေးဇူးတင်ပါတယ် ကျွန်မတို့မှာ ဘာကနေ ဘယ်လို စလုပ်ရမှန်း မသိဖြစ်နေတာ ခြေမကိုင်မိလက်မကိုင်မိဘဲ အရင်ကဒီတန်းလျားကဆုံးသွားတဲ့တစ်ယောက်ဆိုရင် စောင်ပတ်ပြီး၊ ဘယ်လိုသဂြိင်္လ်လိုက်မှန်းတောင်မသိလိုက်ရဘူး၊ ကျွန်မတို့ကအမေ့ကိုအဲလိုမဖြစ်စေချင်ဘူး၊ ဒါပေမယ့် ဘာမှ မှ မလုပ်တတ်တာ ခုတော့ ဆရာတို့အဖွဲ့ကလိုလေသေးမရှိ ကိုယ့်မိသားစုအတိုင်းပဲ အစစ အရာရာလာကူကြတာ ကျေးဇူးတင်လို့မဆုံးပါဘူး" စသည်ဖြင့်​ပြောကြားပါသည်၊
အလှူငွေကို အသင်းဒုတိယဥက္ကဌမှလက်ခံ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။

မောင်မင်း

ကျော်သူ၏ “ဇွတ်”

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြဂုတ်လ လပါတ်အစည်းအဝေးအား ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကျင်းပခဲ့ရာ အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့ကာ၊ အသင်းသူ/သားများထံမှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို တင်ပြခြင်းများအပေါ်၊


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့မှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို သီလလုံစွာ၊ လိပ်ပြာသန့်စွာနှင့် ရှင်းလင်းပုံ ရှင်းလင်းနည်းများကို ပြောကြားကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုတ်သိမ်းလိုက်သည်။

ယင်း အစည်းအဝေးတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြောကြား ရာတွင် … “ မိမိတို့ အသင်းတွင် အသင်းသူ/သား အင်အား (၃၀၀) ကျော်ရှိကြောင်း၊ သို့သော် လူများပြီး ပွဲမစီသော အသင်းအဖွဲ့ကို ညွှန်ပြပါဟု ဆိုပါက မိမိတို့ အသင်းပင်ဖြစ်ကြောင်း၊ အချို့သော သူတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းဝင် တစ်ယောက်ဖြစ်ခြင်းကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ဂုဏ်ယူ ၀င့်ကြွားနေကြကြောင်း၊ မိမိတို့ တာဝန်ကျသည့် လုပ်အားပေး ရမည့် နေ့ရက်၊ အစည်းအဝေး တက်ရောက်ရမည့် နေ့ရက်များတွင် လာရောက်ကြောင်း လက်မှတ် ရေးထိုးပြီး ပြန်လည်၍ ထွက်ခွာသွားကြောင်း၊ မိမိတို့အသင်းသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ အသင်းဝင် အသင်းသားဖြစ်ရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ မဲဆွယ်ခြင်း မပြုလုပ်ကြောင်း၊ မိမိတို့ စိတ်ဆန္ဒအရ လာရောက်၍ လူမှုရေးလုပ်အားပေးကြကြောင်း၊ ထို့ကြောင့် အသင်းသား အသင်းဝင် လူမှုရေးသမားဖြစ်သွားပါက အသင်းမှချမှတ်ထားသော လူမှုရေး စည်းကမ်းချက်များကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်အားပေးနိုင်မည့် နေ့ရက်များကို မိမိတို့ ဆန္ဒအလျှောက် ရွေးချယ် ထားသည့်အလျှောက် ထို့နေ့ရက်များတွင် မှန်မှန်ကန်ကန် လာရောက်လုပ်အားပေးမှုများကို ပြုလုပ် ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာရခြင်းသည် လူသားတို့၏ အကျင့်စာရိတ္တနှင့် သီလများ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ နိဂုံးချုပ်တွင် … မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများ အနေနှင့် အသင်းမှချမှတ်ထားသော စည်းကမ်း၊ တာဝန်ယူပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ခဲ့သည်ရှိသော် အသင်းမှ မိမိတို့သည် “ဇွတ်” တာဝန်ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပေးအပ်မှုကို မလုပ်ခဲ့ပါက မိမိတို့မှ “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

လူမှုရေးအသင်းဟု ဆိုရာ၌ … အသင်းသည် မိမိအတွက် မဖြစ်စေရ မိမိကသာလျှင် အသင်းအတွက် ဖြစ်စေရမည်။

လူမှုရေးအသင်းအဖွဲ့၌ လူမှုရေးဖောက်ပြန်မှုဟာ အယုတ်ညံ့ဆုံး အဆိုးဝါးဆုံး ပေးဆပ်မှုဘဲ။

(ကျော်သူ)

Saturday, August 7, 2010

ကျွန်တော်တို့နှင့်ဆက်သွယ်ပါ