Sunday, August 8, 2010

ကျော်သူ၏ “ဇွတ်”

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြဂုတ်လ လပါတ်အစည်းအဝေးအား ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကျင်းပခဲ့ရာ အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့ကာ၊ အသင်းသူ/သားများထံမှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို တင်ပြခြင်းများအပေါ်၊


နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌနှင့် ဘဏ္ဍာရေးမှူးတို့မှ တွေ့ကြုံ ရင်ဆိုင်ရသည့် အခက်အခဲများကို သီလလုံစွာ၊ လိပ်ပြာသန့်စွာနှင့် ရှင်းလင်းပုံ ရှင်းလင်းနည်းများကို ပြောကြားကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အစည်းအဝေးအား ရုတ်သိမ်းလိုက်သည်။

ယင်း အစည်းအဝေးတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ ပြောကြား ရာတွင် … “ မိမိတို့ အသင်းတွင် အသင်းသူ/သား အင်အား (၃၀၀) ကျော်ရှိကြောင်း၊ သို့သော် လူများပြီး ပွဲမစီသော အသင်းအဖွဲ့ကို ညွှန်ပြပါဟု ဆိုပါက မိမိတို့ အသင်းပင်ဖြစ်ကြောင်း၊ အချို့သော သူတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းဝင် တစ်ယောက်ဖြစ်ခြင်းကို မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များတွင် ဂုဏ်ယူ ၀င့်ကြွားနေကြကြောင်း၊ မိမိတို့ တာဝန်ကျသည့် လုပ်အားပေး ရမည့် နေ့ရက်၊ အစည်းအဝေး တက်ရောက်ရမည့် နေ့ရက်များတွင် လာရောက်ကြောင်း လက်မှတ် ရေးထိုးပြီး ပြန်လည်၍ ထွက်ခွာသွားကြောင်း၊ မိမိတို့အသင်းသည် မည်သူတစ်ဦး တစ်ယောက်ကိုမှ အသင်းဝင် အသင်းသားဖြစ်ရန် စည်းရုံးခြင်း၊ တိုက်တွန်းခြင်း၊ မဲဆွယ်ခြင်း မပြုလုပ်ကြောင်း၊ မိမိတို့ စိတ်ဆန္ဒအရ လာရောက်၍ လူမှုရေးလုပ်အားပေးကြကြောင်း၊ ထို့ကြောင့် အသင်းသား အသင်းဝင် လူမှုရေးသမားဖြစ်သွားပါက အသင်းမှချမှတ်ထားသော လူမှုရေး စည်းကမ်းချက်များကို လိုက်နာ ရမည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်အားပေးနိုင်မည့် နေ့ရက်များကို မိမိတို့ ဆန္ဒအလျှောက် ရွေးချယ် ထားသည့်အလျှောက် ထို့နေ့ရက်များတွင် မှန်မှန်ကန်ကန် လာရောက်လုပ်အားပေးမှုများကို ပြုလုပ် ရမည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာရခြင်းသည် လူသားတို့၏ အကျင့်စာရိတ္တနှင့် သီလများ ချိုးဖောက်မှုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။ နိဂုံးချုပ်တွင် … မိမိတို့ ဆန္ဒနှင့် “ဇွတ်” ၀င်ရောက်ပြီး လုပ်အားပေးကြသူများ အနေနှင့် အသင်းမှချမှတ်ထားသော စည်းကမ်း၊ တာဝန်ယူပေးဆပ်ရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ပေးဆပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ အကယ်၍ မလုပ်ခဲ့သည်ရှိသော် အသင်းမှ မိမိတို့သည် “ဇွတ်” တာဝန်ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ တာဝန်ပေးအပ်မှုကို မလုပ်ခဲ့ပါက မိမိတို့မှ “ဇွတ်” ထုတ်ပစ်ရမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။

လူမှုရေးအသင်းဟု ဆိုရာ၌ … အသင်းသည် မိမိအတွက် မဖြစ်စေရ မိမိကသာလျှင် အသင်းအတွက် ဖြစ်စေရမည်။

လူမှုရေးအသင်းအဖွဲ့၌ လူမှုရေးဖောက်ပြန်မှုဟာ အယုတ်ညံ့ဆုံး အဆိုးဝါးဆုံး ပေးဆပ်မှုဘဲ။

(ကျော်သူ)

1 comments:

သာဓု..သာဓု..သာဓု...

Post a Comment