Wednesday, September 1, 2010

နာရေးကူညီမှုအသင်း(ဆအို)ပေါ်လာတော့မည်။

ပရဟိတ
ဗုဒ္ဓအလိုကျအားဖြင့် အတ္တဟိတ (မိမိအကျိုး) နှင့် ပရဟိတ (အများအကျိုး) ကို အစဉ်အတိုင်း ဆောင်ရမည်ဟု ဟောတော်မူသည်။
ပရဟိတ (Philanthropy) ဆိုသော ဝေါဟာရသည် လူထုကို ချစ်သောဟု တိုက်ရိုက်အနက်ရပြီး အခြေခံပြဿနာများကို အဓိကကျသည့်
ဖြေရှင်းမှု့အတွက် ရင်းနှီးမြှုပ်နှံမှုဟု ပြန်ဆိုလေသည်။ အများပြည်သူအတွက် အချိန်၊ ငွေကြေးနှင့် အကူအညီပေးခြင်း ဖြစ်သည်။ ပရဟိတ
ဝေါဟာရသည် ၂၁-ရာစုတွင် ပို၍ခေတ်စားလာသည်။ Duke တက္ကသိုလ်ဆရာကြီး Greg Dees က`ကျွန်တော်တို့အားလုံး နေထိုင်ကြတဲ့
ကမ္ဘာကြီး တိုးတက်ကောင်းမွန်ရေးအတွက် ငွေကြေး၊ အချိန်၊ လူမှုရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကျွမ်းကျင်သူများကို
ရွှေ့ပြောင်းနေရာချထားခြင်း´ ဟု အကောင်းဆုံး အနက်ပြန်ထားပေသည်။


ပုဂ္ဂိုလ် ၄ ယောက်
1. ကိုယ့်အကျိုးလဲ မလုပ် ပရဟိတလဲ မလုပ်သူ၊
2. ကိုယ်အကျိုးတော့လုပ်ပြီး ပရဟိတ မလုပ်သူ၊
3. ပရဟိတတော့လုပ်ပြီး ကိုယ့်အကျိုးအတွက် မဆောင်ရွက်သူ၊
4. ကိုယ့်အကျိုးလည်းလုပ် ပရဟိတလည်း ဆောင်ရွက်သူ၊

ကမ္ဘာကြီးထဲရှိ လူသား အားလုံးကို တူရာတူရာ စုရင် ဒီလေးမျိုးသာ ရကြောင်းဟောပြတော်မူပါသည်။ ထို လေးဦးထဲတွင်
ကိုယ့်အကျိုးလည်းလုပ်ပြီး ပရဟိတ လည်းဆောင်ရွက်သူကို အမြတ်ဆုံးလူသားအဖြစ် မြတ်ဗုဒ္ဓက သတ်မှတ်တော်မူသည်။ပရဟိတ အလုပ်
ပရဟိတ စိတ်ရှိဖို့ ဆိုသည်မှာ မလွယ်ကူပါ။ ကိုယ့်အကျိုးထက် အများအကျိုးကို ဆောင်ရွက် ပေးနိုင်ဖို့ဆိုတာ တော်ရုံစိတ်နှင့်
မဖြစ်နိုင်သည့်အတွက် ဖြစ်သည်။ ပရဟိတစိတ်နှင့် ပရဟိတ လုပ်ငန်းတွေမှာ ကိုယ်တိုင် ကိုယ်ကျ ပါဝင်နိုင်ဖို့ ဆိုသည်မှာလည်း
တော်ရုံတန်ရုံ စိတ်ခွန်အားနှင့် မရနိုင်ပါ။ ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင် ပစ္စည်းတွေကို ခွဲဝေပေးနိုင်မှသာ ဒီလုပ်ငန်းကို
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်သည်။



ပရဟိတ မွန်မြတ်လှ

* နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

* မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

* မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

* မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

* ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

* ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

* ဘ၀ခရီး လမ်းမကြီးကို
အသီးသီးသူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို
စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့်
ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို
သာဓုကြိမ်ကြိမ် ခေါ်မိတကား။



နာရေးကူညီမှုအသင်း(မဲဆောက်)ဆအို ဌာနခွဲ
ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။
ခုဆိုရင်မိမိတို့နေထိုင်ရာပါတ်ဝန်းကျင်မှာရှိတဲ့မြန်မာပြည်သားများရဲ့နာရေးကိစ္စများကိုစေတနာထက်သန်စွာနဲ့ဆောင်ရွက်
ပေးကြမယ့် အသင်းတစ်ခု ဖုဖ္ဖရ မြို့နယ် ဆအို အပိုင်မှာပေါ်ပေါက်လာပါပြီ။ မနေ့က နာယကဆရာတော်နဲ့အတူ အဖွဲ့ဝင်(၄)ယောက်၊ဖုဖ္ဖရမြို့၊ဆအိုကျေးရွာမှာနာရေးကူညီမှုဆောင်ရွက်ကြမယ့်ပုဂ္ဂိုလ်များနဲ့ သွားတွေ့ဖြစ်ကြပါတယ်။ သူတို့ကအရင်ကလည်း အသင်းဖွဲ့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့်မဖြစ်ခဲ့ကြပါဘူး။ အခုဒီတစ်ခါတော့ဖြစ်ပါပြီ ။ အစည်းအဝေးတက်ရောက်လာကြတဲ့ ဒေသခံများနှင့်တစ်ဦးချင်း မိတ်ဆက်ကြပြီးတဲ့အခါမှာ ဆရာတော်မှအသင်း ဖြစ်ပေါ်လာရခြင်း
အကြောင်းမိန့်ကြားပြီးနောက် ၄င်းတို့၏အသင်းတာဝန်ခံမှ အသင်းတွင်စီမံဆောင်ရွက်ထားပုံနှင့် လုပ်ငန်းဆောင်ရွက်ရန် စီစဉ်ထားပုံ
စသည်တို့ကို ဆရာတော်နှင့်တာဝန်ရှိသူများအား တင်ပြခဲ့ရာဆရာတော်နှင့်ကျွန်တော်တို့အဖွဲ့ဝင်များမှ လုပ်ငန်းလုပ်ဆောင်ရာတွင်
တွေ့ကြုံနိုင်သော အခက်အခဲများနှင့် အဆင်ပြေနိုင်ဆုံးနည်းလမ်းများကို ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။
အဲဒီနောက်မှာ ဆရာတော်ကလုပ်ငန်းကိုအမြန်ဆုံးအကောင်အထည်ဖော်ရန် မိန့်ကြားပြီးရန်ပုံငွေ ၂၀၀၀ ဘတ် အားအသင်းတာဝန်ခံထံသို့ လှူဒါန်းခဲ့ပါတယ်။ ညဉ့်ကလဲနက်လာတော့ သက်ဆိုင်ရာရုံးများနှင့် ဆက်ဆံဆောင်ရွက်ရာတွင် ရယူအသုံးပြုရသော စာရွက်စာတမ်းများအကြောင်းရှင်းပြကာ မိမိတို့နေထိုင်ရာဌာနေသို့ ပြန်ခဲ့ကြပါတယ်။ အပြန်လမ်းမှာလဲ သူတို့တစ်တွေရဲ့ ထက်သန်တဲ့စေတနာစွမ်းအားတွေအကြောင်း အသိအမှတ်ပြု သာဓုခေါ်ကြရင်းမှ မိမိတို့ကိုယ်တိုင် ကိုယ်ရောစိတ်ပါနှစ်ပြီး မိတ်ဆွေတစ်စုနဲ့စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဤပရဟိတလုပ်ငန်းကြီးအကြောင်းအား ပြန်လည်စဉ်းစားကာ များစွာပီတိဖြစ်ခဲ့ရပါတယ်ခင်ဗျာ။

မောင်မင်း

0 comments:

Post a Comment