Thursday, July 12, 2012

Friday, June 15, 2012

အကြွေစောသူတွက် ပြန်ခက်တဲ့ခရီး

အလုပ်ကိုပဲ အကြောင်းပြပြီး ဘလော့ဂ်ကို လှည့်မကြည့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကြေကွဲစရာတွေကို စာလုံးအဖြစ်ပြောင်းရတာ တခါတခါမှာအရမ်းခက်တဲ့ အလုပ်ဖြစ်လာလေတော့ ၈ရက်နေ့ကတည်းက ရေးမယ့်ပို့စ်ကို အခုမှ စိတ်ဒုံးဒုံးချရေးလိုက်ရပါတယ်။ ဘယ်လောက်ပဲစိတ်ခိုင်ပါစေ မိမိနဲ့ နီးစပ်သူတွေရဲ့နာရေးနဲ့ ပါတ်သက်လာရင် တည်ငြိမ်အောင်မထိန်းနိုင်ကြတော့ပါဘူး။ ဘယ်ဟာကို အရင်စလုပ်မလဲ မခွဲခြားနိုင်ပဲ ဖြစ်ကြတာဓမ္မတာပဲဆိုတော့ နာရေးရှင်များကိုလဲ အပြစ်မတင်ရက်ပါ။ အခုလဲ နေ့လည်ပိုင်းကတည်းက ကားအက်ဆီးဒင့်ကြောင့်မဲဆောက်ဆေးရုံကြီးရောက်ပြီး ၂နာရီလောက်မှာ ဆုံးသွားတဲ့ မောင်သန့်ဇော်ဦး (၁၆ နှစ်)ရဲ့ ရုပ်အလောင်းကို မြဝတီပြန်သယ်ဖို့ အကြောင်းကြားတာကို ည ၆နာရီကျော်မှ အရှည်ကြီးကတဆင့် သိရတယ်။ စေတနာ နာရေးကူညီမှု
အသင်း (မြဝတီ) ကိုအကြောင်းကြားပြီးပြီတဲ့။ သူတို့ဘက်က လာကြိုဖို့ အဆင်သင့်ပဲဆိုတော့ မဲဆောက်ဘက်ခြမ်းက ကမ်းနားပို့ပို့ဖို့ လမ်းကြောင်းကိုအစီအစဉ်လုပ်ရတာပေါ့။ ဒါနဲ့ အမှတ် ၁ ဂိတ်က လူမှုရေးအဖွဲ့တွေကို အကူအညီတောင်းပြီး ကူးဖို့ပြင်ကြ။ အလောင်းတင်ဖို့ကိုတော့ကယ်ဆယ်ရေး အဖွဲ့က ဝါယာလက်ကားကို ငှားရတယ်။ ဂိတ်က ကိုစွန်ဖိုးတို့ အဖွဲ့ကလဲ စက်လှေအသင့်ပြင်စောင့်ကြ ပါတယ်။ တဖက်က ဦးလှထွန်းတို့ကလဲ ဝါယာလက်ကားနဲ့ လာကြိုတော့ မြစ်ကမ်းနှစ်ဘက် ဝါယာလက်မီးတဝင်းဝင်းနဲ့ သေပန်းတော့လှပါရဲ့။ ပညာသင်ဆဲ အညွန့်တလူလူနဲ့ အကြွေစောတဲ့ ညီငယ်အတွက် အပြန်ခက်တဲ့ခရီးကို ပရဟိတအသင်းနှစ်ခုနဲ့ စိတ်တူကိုယ်တူ မိတ်ဆွေတွေ ပူးပေါင်းပြီး အဆင်ပြေပြေကူညီလိုက်နိုင်တဲ့အတွက်ဝမ်းနည်းပီတိဖြစ်မိရပါတယ်။  မောင်သန့်ဇော်ဦး ကောင်းရာ
သုဂတိလားပါစေ။ အမှတ်(၁) ဂိတ်မှ ကိုစွန်ဖိုးနဲ့တကွ လူမှုရေးအသင်းသူ/အသင်းသားများ ဂိတ်အလုပ်သမားများ မိသားစုဝင်အားလုံးကို ကျေးဇူးတင်ရင်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ ချောင်းကူးမြစ်ခြား
ပရဟိတအသင်း နှစ်သင်းကိုယ်စား ဆန္ဒပြုလိုက်ရပါတယ်။

(မိုးကလေးတဖွဲဖွဲမှာ ဆိုင်ကယ်ကိုယ်စီနဲ့ မမောနိုင်မပန်းနိုင် လာဝင်ခေါ်တဲ့ အရှည်ကြီးတို့ ကိုစိုးတို့လဲ မေတ္တာပို့တဲ့ထဲပါပါတယ်)



ရန်မျိုးအောင်

Monday, January 16, 2012

နာရေးကူညီမှုအသင်း(မဲဆောက်) ဘလော့ဂ်စာမျက်နှာကို ပြန်လည် ပြင်ဆင်နေပါသဖြင့် ကြည့်ရှုရာတွင်အဆင် မပြေမှုများ ဖြစ်နေနိုင်ပါသည်။ လာရောက်သူများကို အနူးအညွတ်တောင်းပန်အပ်ပါသည်။


နာရေးကူညီမှုအသင်း(မဲဆောက်)

Tuesday, August 16, 2011

သိကြားစေ သက်သေညွှန်း----------------

သံတူကြောင်းကွဲ ဝေဒနာမျိုးစုံနဲ့ တိုင်းတပါးမှာ အသက်မွေးဝမ်းကျောင်း နေကြရတဲ့ မြန်မာပြည်သားတွေ အတွက် လက်လှမ်းမီသလောက် တတ်နိုင်သလို ကူညီကြဖို့ဆိုတဲ့ ဆန္ဒကနေ မွေးဖွားလာခဲ့တဲ့ နာရေးကူညီမှုအသင်း(မဲဆောက်)တောင် တစ်နှစ်သားကျော်လာခဲ့ပြီ။ လူသားကလေးငယ်တဦး ဆိုရင်တော့ ဟန်ချက်မခိုင့်တခိုင် စမ်းလျောက်ရင်း မပီကလာ ပီကလာနဲ့ ချစ်စရာ့အရွယ်ပေါ့။ ဒါပေမယ့်အများပြောလေ့ ရှိသလို ဖွံ့တော့ဖွံ့ပါရဲ့၊ ချစ်မွေးမပါဘူး ဆိုသလိုများ ဖြစ်နေလေရော့သလား။ စေတနာ အရင်းခံတွေကြားထဲကို ဝေဒနာ ကွက်ကြားမိုးတွေရွာနေတုန်း။ သြော်----သူတို့ မသိလို့ပြောကြတာ နေမှာပေါ့လို့ သည်းခံခဲ့ပေမယ့် ဟုတ်နေလို့မပြောတာဆိုတဲ့အထိ မရောက်ခင် ဒီပို့စ်ကို ရေးဖြစ်တာပါ။
 23/07/2011 နေ့မနက် တွဲဘက်အတွင်းရေးမှူးဆီက ဖုန်းလာတယ်။ ကျွန်တော် ကြောက်ကြောက်လန့်လန့်နဲ့ မကိုင်မဖြစ်ကိုင်ရတဲ့ဖုန်းတွေထဲမှာ သူလဲပါတယ်။ ဘာဖြစ်လို့ လုပ်ဖေါ်ကိုင်ဖက် အချင်းချင်း ကြောက်ရသလဲဆိုတော့ အသင်းရဲ့ ဘဏ္ဍာရေးကျပ်တည်း ချိန်မျိုးမှာ သူခေါ်လာရင် "အကိုရေ- နာရေးတခုရှိနေလို့" က စတာများလို့။ အဖွဲ့ထဲမှာ လှစ်ကနဲဆိုသူက စိတ်မြန်လူမြန်ဆိုတော့ နာရေးဖြစ်တဲ့ဆီကို သူ အရင်ရောက်တတ်တယ်။ စကားပြော အဆီအငေါ်မတည့်လို့ တဖွဲ့လုံးက တိုးတိုးတိတ်တိတ်ရော ကျယ်ကျယ်လောင်လောင်ပါ သတိပေးနေရတာလဲ သူပဲ။ ဆိုတော့ သူ့ဖုန်းများဝင်လာရင် နာရေးလား၊ ပြဿနာတက်လို့လား ရင်တထိတ်ထိတ်။ နာချင်းကတော့ တူတူပါပဲ။ တခါတလေတော့လဲ အလှူငွေလက်ခံရလို့ ဘလော့ဂ်ပေါ်တင်ပေးပါအုံးဆိုတဲ့ ပီယဝါစာလေးတွေလဲ ရှိပါရဲ့။ ထားပါတော့လေ--- ဒါနဲ့ ဖုန်းကိုင်လိုက်တော့ ထုံးစံအတိုင်း "အကိုရေ- ဖိဝစ်(နာရေးကူညီမှုအသင်းကို အကူအညီအများကြီးပေးနေတဲ့ ထိုင်းလူမျိုး ဆေးရုံဝန်ထမ်း)ကို ဖုန်းဆက်ပြီး မယ်ပက ဘုန်းကြီးကျောင်းကို ခေါင်းတလုံး လာပို့ခိုင်းပါ" တဲ့။ အဲဒီကိစ္စစီစဉ်ပြီးလို့ နောက်တနာရီလောက်မှာ လာပြန်ပါပြီ နောက်တခေါက်။ မင်းအခုဘယ်ရောက်နေလဲဆိုတော့ "ဆေးရုံကြီးမှာ မိသားစုဝင်တွေနဲ့ တွေ့ဖို့စောင့်နေတယ်၊ အကြောင်းထူးရင် ထပ်ဆက်မယ်၊ ဖုန်းမပိတ်ထားနဲ့ဦး။" အိုကေ ဆိုပြီး ဘဏ္ဍာရေးလှမ်းမေးတော့ လက်ကျန်က ဘုရားစူး ထောင်ဂဏန်း(၁၁၀၀ ဘတ် လား မမှတ်မိတော့)။ နောက်တကြိမ်ဖုန်းအလာ စောစောက အလုံးကြီးကျသွားတယ်။ သူတို့ဘာသာစီစဉ်နိုင်တယ်တဲ့။ ဒါဆိုလဲ ထပ်အိုကေရပြန်တာပေါ့။ ညနေ သုံးနာရီလောက်ကျတော့ miss call ပေးလာတယ်။ ပြန်ခေါ်လိုက်တော့ "အကို အခုချက်ချင်းထွက်ခဲ့ပါ။ တောရကျောင်းက ဘုန်းကြီးတွေ ဝင်ပင့်ခဲ့ပါ၊ ဖိဝစ်ကို ခေါင်းသယ်လာခိုင်းပါ၊ ဆရာပုတော့ လက်ကျန်ငွေ အကုန်ယူပြီးလာနေပြီ၊ စောင်ခွဲစောင်ရပ်ကွက်ထဲက နာရေးအိမ်မှာ ကျွန်တော် စောင့်နေတယ်။ နာရေးရှင်နဲ့ အိမ်နီးနားချင်းစုစုပေါင်းမှ ဘတ်၉၀၀ ပဲရှိတယ်။ နေ့ချင်းပြီး သင်္ဂြိုလ်မယ်၊ ကျွန်တော့ဖုန်းမှာလဲ ပိုက်ဆံမရှိတော့ဘူး၊ miss call ပေးရင် ပြန်ခေါ်နော်၊ ခပ်မြန်မြန်လာခဲ့ဦး" တောက်လျောက်ပြောသွားလိုက်တာ ကျွန်တော် ပြန်ပြောလိုက်နိုင် တာက ဟဲလိုနဲ့ တတိယမ္ပိ အိုကေ နှစ်လုံးပါပဲ။ ဒါနဲ့ ထိုင်းလူမျိုး သူငယ်ချင်း ဖိနိမ် ရဲ့ ကားကိုအကူအညီတောင်းပြီး တောရကျောင်းမှာ ဘုန်းကြီးသုံးပါးပင့်၊ ကြေးစည်နဲ့ ကန်တော့ပွဲတွေယူ၊ သူ့ဆီကိုဖုန်းပြန်ဆက်ပြီး လမ်းညွှန်ခိုင်း၊ ၄ နာရီကျော်မှ နာရေးဖြစ်တဲ့ဆီ ရောက်တော့တယ်။ အိမ်မှာပဲ သရဏဂုံတင် တရားနာပြီး ညနေ ငါးနာရီခွဲလောက်မှာ ဝပ်ဒုံကဲရော့ သုဿန်ကို ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ရပါတယ်။ အကြွေး ၁၀၀၀ ဘတ် တင်တာကလွဲလို့ အားလုံး အိုကေ။ နောက်နေ့ မယ်ပက နာရေးကိုတော့ ကျွန်တော်မအားလို့ မလိုက်ဖြစ်တော့ဘူး။ အချက်အလက်နဲ့ ဓာတ်ပုံတွေ ပို့ပေးလိုက်လို့ပဲမှာလိုက်တယ်။ ညနေပိုင်းမှာ ပြန်ကြားရေးက ပုဂ္ဂိုလ်တွေ မအားလပ်ရင် နာရေးစာရင်းဘလော့ဂ်မှာ တင်ပေးမယ်လို့ Net Sim မှာ ဘတ် ၁၀၀ ထည့်ပြီး အွန်လိုင်းတက်ကြည့်လိုက်တော့၊ ----အသံတွေ ကြားနေရတယ်။ ဘလော့ဂ်တစ်ခုရဲ့ စီဘောက်ထဲမှာ----မဲဆောက်က ကုသိုလ်ဖြစ် မသာချတဲ့အသင်းကြီးက မယ်ပက အဖွားအို အသုဘကို ဘတ်ငွေ ၇၀၀၀ တောင်းသွားသတဲ့-----။ ဒီတခါ ကျွန်တော်ဆက်တဲ့အလှည့် "ကဲ--ဘာတွေဖြစ်ကုန်တာလဲ" ဆိုတော့ သူတို့မိသားစုတွေက ဝတ်ရွတ်အသင်းကို ညပိုင်းရော သင်္ဂြိုလ်မယ့် နေ့လည်ပါ ဖိတ်တယ်။ ဝတ်ရွတ်အသင်း အသွားအပြန်ကားခ၊ ခေါင်းယူပေးတဲ့ ဖိဝစ်ကို ပေးတဲ့ကားခ စုစုပေါင်း ကျွန်တော့လက်နဲ့ကိုင်မိတာ ၃၀၀၀ ပါ အကိုရယ်တဲ့။ အဲလိုမျိုးဆို FSS(MAESOD) ချစ်မွေးမပါပုံများ။ ဒါကတစ်ခု။

11/08/2011 မနက် ၁၁ နာရီလောက်ဖုန်းခေါ်လာတယ်။ "ကျွန်တော် ကျောင်းသားဆေးခန်းမှာ နာရေးရှင်ကိုစောင့်နေတယ်၊ ဖိဝစ်ကို ဖုန်းဆက်ပြီး ကားလွှတ်ပေးပါ။ ဘုန်းကြီးတပါး ပျံတော်မူတယ်။ ဗမာပြည်ဘက်က ဆေးလာကုရင်းနဲ့၊ ကျောင်းကြီးမှာထားဖို့ ဂေါပကကိုလဲ အကြောင်းပေးပါ၊ ကျွန်တော်က နေ့လည် ၁နာရီမှာ အလုပ်ရှိတယ်၊ မအားဘူး" ဆိုတော့ တခါတလေ ထိုင်းဘာသာစကား တတ်ထားမိတာကိုဘဲ နောင်တရ ရတော့မလို။ ဒါနဲ့ ဖုန်းတွေလိုက်ဆက် အစီအစဉ်တွေ အားလုံးပြီးလို့ အလောင်းသယ်ဖို့ ယာဉ်လွှတ်လိုက်တော့မှ သူ့ဆီက ဖုန်းပြန်ခေါ်လာတယ်။ "အကိုရေ-- အလောင်းမရှိတော့ဘူး" ဘာဖြစ်လို့လဲ အသေထွက်ထွက်သွားလို့လားဆိုတော့ "ကျောင်းသားဆေးခန်းက ပိုင်ရှင်မဲ့အလောင်းကောက်ကား ၁၀ နာရီက သယ်သွားပြီ" တဲ့၊ ဒါကြောင့် နာရေးရှင် မလာတော့တာကိုး---အေးရော--- ၉ရက်နေ့တည်းက တုပ်ကွေးမိပြီး ဒီနေ့မှ နာလန်ထတဲ့ ကျွန်တော် သေချင်စိတ်ပေါက်သွားတယ်။ အေး မင်းအခု ကျောင်းကြီးကိုသွား ဂေါပကကို သွားတောင်းပန်၊ ဇရပ်အတွက် အလှူငွေထည့်ခဲ့၊ ကျန်တာတွေ ငါကြည့်ရှင်းမယ်၊ အခုမြန်မြန်သွားလို့ ငေါက်လိုက်မိတဲ့အထိ---

အစပိုင်းတုန်းက ရေးခဲ့သလို မသိလို့ပြောကြတာနေမှာပါလို့ ဆင်ဝှေ့ရန်ရှောင်လုပ်လို့မဖြစ်တော့ဘူး။ တနှစ်ကျော်လာပြီ။ နဲနဲလေး မက လွဲနေတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ ပေးတဲ့အချက်အလက်တွေ မပြည့်စုံမလုံလောက်သေးတာပဲ ဖြစ်မယ်။ ဒီတော့ နာရေးတခုမှာ ကုန်ကျစားရိတ်နဲ့ ဆောင်ရွက်မှုအဆင့်ဆင့်ကို ရေးပြပါ့မယ်။ ဖတ်မိသူများကလည်း တဆင့်စကား တဆင့်နားဆိုသလို လက်တို့အကူအညီပေးကြပါ။

နာရေးတခုဖြစ်ပြီဆိုတာနဲ့--

ကုန်ကျစားရိတ်က

၁။ ဆေးရုံ(သို့မဟုတ်) သေဆုံးသောနေရာမှ အလောင်းကို ဘုန်းကြီးကျောင်းသို့/ ဘုန်းကြီးကျောင်းမှ သုဿန်သို့လည်းကောင်း၊ တရုပ်ဘုံကျောင်း သို့မဟုတ် ခေါင်းဆိုင်မှ ခေါင်းကို သေဆုံးသည့်နေရာသို့ ပို့ဆောင်ပေးသော ကားငှားခ ၁၅၀၀ ဘတ်
၂။ မီးသင်္ဂြိုလ်စားရိတ် ၂၀၀၀ဘတ်
၃။ အသုဘဇရပ် ရေ/မီးစားရိတ် အလှူငွေ တရက် ၃၀၀ မှ ၅၀၀ ဘတ်
၎။ လိုက်ပါပို့ဆောင်မည့် လူစီးယာဉ်များအတွက် တစီး ၃၅၀ ဘတ် မဖြစ်မနေကုန်ကျရမှာ ဖြစ်ပါတယ်။ အခြားဘာသာရေးအရလိုအပ်ချက်တွေ ပေါင်းလိုက်ရင် ၄၀၀၀ ဘတ်မှ ၆၀၀၀ ဘတ်အထိ သုံးစွဲပြီးမှ အသုဘမြေကျပါတယ်။ ကျွန်တော်တို့အသင်းမှာ ပုံမှန်အလှူရှင်အနည်းငယ်သာ ရှိပါသေးတယ်။ အသင်းဝင်များထဲမှ တလ ၅၀၀ ဘတ် လှူဒါန်းသူ ၇ ဦးခန့် (ဒါတောင် ပြတ်တောင်းပြတ်တောင်း ကျွန်တော့လိုလူမျိုး ပါသေး)နဲ့ ရပ်တည်နေတာပါ။ ဒါကြောင့် ပိုင်ရှင်မဲ့အလောင်းသင်္ဂြိုလ်ပေးမနိုင်သေးသလို ပိုင်ရှင်ရှိရင်လဲ ဘယ်လောက်အကုန်ခံနိုင်သလဲ မေးရတာပါ။ တကယ်လို့ ပြည်တွင်းမှလာပြီး ဆေးကုရင်း ကွယ်လွန်သူများဆိုရင်တော့ ကျွန်တော်တို့ဘဏ္ဍာရေး ကျွတ်တန်းဝင်သွားတာများပါတယ်။ မဲဆောက်မှာ အလုပ်လုပ်နေသူလဲဖြစ် အသိုင်းအဝိုင်းကလဲ ကူညီရင်တော့ လူပဲစိုက်ရသလို တခါတလေ အလှူငွေပါရတတ်ပါတယ်။ ဒါနဲ့များ ဘာဖြစ်လို့ နာရေးကူညီမှုလို့ အသင်းဖွဲ့ရသလဲဆိုတော့ ကိုယ့်ပတ်သက်ရာအတွင်း သေဖူးသူတွေမေးကြည့်ပါ။ လိုက်သေချင်စိတ်ပေါက်အောင် အောက်ပါအတိုင်း အလုပ်လုပ်ရပါတယ်။

ဆောင်ရွက်ချက်အဆင့်ဆင့်
၁။သေစာရင်းအတည်ပြုချက်ရယူပေးခြင်း
၂။အသုဘရှင်၏အခြေအနေပေါ်မူတည်၍ခေါင်းဝယ်ယူ(သို့)အခမဲ့တောင်းခံပေးခြင်း
၃။နာရေးဖိတ်ကြားလွှာများပြုလုပ်ပေးခြင်း
၎။လိုအပ်ပါကဆွေမျိုးမိတ်သင်္ဂဟများထံသို့အကြောင်းကြားပေးခြင်း
၅။ဈာပနပြုလုပ်မည့် ဘုန်းကြီးကျောင်းနှင့် သဂြိုလ်မည့်သုဿန်သို့ဆက်သွယ် ကူညီဆောင်ရွက် ပေးခြင်း
၆။ဆွေမျိုးမိတ်သင်္ဂဟနည်းပါးသူဖြစ်ပါက မိမိတို့အဖွဲ့ဝင်များမှ ရုပ်အလောင်းထားရှိရာတွင် စောင့်ကြပ် ကူညီပေးခြင်း
၇။ထုံးတမ်းစဉ်လာအရ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းပြကူညီဆောင်ရွက်ခြင်း
၈။ရုပ်အလောင်းသယ်ဆောင်မည့်ယာဉ်နှင့် လိုက်ပါပို့ဆောင်မည့်ယာဉ်များရရှိရေး   ကူညီဆောင်ရွက် ပေးခြင်း
၉။ကွယ်လွန်သူ၏မိသားစုဝင်များသည် မြန်မာပြည်တွင်းမှလာရောက်ရသူများဖြစ်ပါက နေရာထိုင်ခင်း နှင့် ခရီးလမ်းအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခြင်း
၁၀။အကယ်၍ယာဉ်တိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုကဲ့သို့သောနာရေးကိစ္စများတွင် ရသင့်ရထိုက်သော နစ်နာကြေး ရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခြင်း စသဖြင့် ဆောင်ရွက်ပေးရပါတယ်။

အဲဒီထဲက နံပါတ် ၁ ကနေ ၅ အထိက နာရီပိုင်းအတွင်းဆောင်ရွက်ရလေ့ရှိပါတယ်။ ဒီကိစ္စတွေအားလုံးပြီးအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ဘုန်းတော်ကြီးနှစ်ပါးနှင့် အမြဲလိုလို တခုခုလုပ်နေကြရတဲ့ လူဆယ့်တစ်ယောက်ရှိပါတယ်။ ဘုန်းတော်ကြီးများမှာ နေရာတကာဝင်ပါမရသလို လူတွေကလဲ ၅ ယောက်ဆုံဖို့မနည်းကြိုးစားရလေ့ ရှိပါတယ်။ ဒီကြားထဲမှ ထိုင်းဘာသာစကားပြောနိုင်သူက တဝက်မပြည့်ပါဘူး။ ဒီတော့မျှော်လင့်သလိုမျိုး ဖြစ်လာဖို့ အလွန်ခဲယဉ်းပါတယ်။ ပြည်သူ့စေတနာ့ဝန်ထမ်းအသင်းက အသင်းဝင်တွေကတော့ အမြဲတမ်းလို မျက်နှာမွဲ အသုဘတွေမှာ ကြေးစည်တီး ခေါင်းထမ်း ကားမောင်း ဇရပ်တံမြက်စည်းလှည်း ညစောင့်အိပ် ကြသူများအဖြစ် အလှည့်ကျ တာဝန်ယူလေ့ ရှိပါတယ်။ ပုညကာရီဝတ်ရွတ်အသင်းကလည်း ကျွန်တော်တို့ဆီက ဖုန်းအဆက်အသွယ်ရရင် ယူနီဖောင်းလဲ မှန်ချိုဆေးသောက်ပြီး စောင့်နေကြသူတွေပါ။ လူချည်းမဟုတ်ဘူးနော် ပိုက်ဆံပြတ်နေလို့ အမြင်မတော်ရင် ပါလာတဲ့အထုတ်ဖွင့်ပြီး ရော့ မောင်ဟိုဒင်း ဒါ အဒေါ်တို့ ကုသိုလ်ယူတာတဲ့။ ကျန်းမာကြပါစေ၊ အဆင်လဲပြေကြပါစေ။ အသုဘမြင်ရင် အမင်္ဂလာလို့ အယူသီးသူတွေများတော့ ကျွန်တော်တို့ကလည်း သုဘရာဇာလောက ကျယ်ပြန့်ကြီးပွားများပြားလာရေးကို လော်ဘီမလုပ်လိုကြပါဘူး။ အချိန်ကလဲ မပေးလို့ပါ။ နောက်တကြိမ် ရွေးကောက်ပွဲကျရင်တော့ စည်းရုံးရေးဌာနကို ထည့်သွင်းဖွဲ့စည်းသင့်တယ်လို့ ကျွန်တော်တင်ပြမယ်စဉ်းစားထားပါတယ်။ အခုလဲ အချို့ကပြောပါတယ်။ လူတစ်ယောက်သေတာများ ဘာလို့အဲလောက်ကုန်ကျရသလဲ။ သူတို့အဆက်အသွယ်နဲ့ဆို ၂၅၀၀ ဘတ် လောက်နဲ့ပြီးတယ်လို့ ပြောပါတယ်။ အမြဲတမ်းအဖွဲ့ဝင် အဖြစ်လာဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါရစေ။ သူမသာ ကိုယ်မနာ ဖြစ်သွားတာပေါ့။

 ကျွန်တော်တို့အသင်းဝင်ဖြစ်မှ နာရေးလိုင်စင်ရထားတာမဟုတ်တဲ့အတွက် အခြားမည်သူမဆို လွတ်လပ်စွာ ကုသိုလ်ယူနိုင်ကြပါတယ်။ အကြောင်းကြားပြီးတော့ သွားကူကာညီမှ စကားပြောလေးနဲနဲလွဲတာနဲ့ အဆင်မပြေဖြစ်ကြရတာ တွေပါ။ ကျွန်တော်တို့လဲ အသုဘလိုက်ပါပို့ဆောင်သူတွေပါ။ အများထက်ထူးပြီးကုသိုလ်မရကြပါဘူး။ အများအားဖြင့်စိတ်ပန်းကိုယ်ပန်းနဲ့ တရားမနာလိုက်နိုင်ပါဘူး။ ကြေးစည်သံကြားမှ လှေကားခုံထက်က ကျောင်းသားကြီးတွေနဲ့ အတူ သာဓုခေါ်လိုက်ရတာများပါတယ်။ ပို့စ်ရေးတာလဲ နည်းနည်းရှည်သွားပြီ။ နာရေးကူညီမှုအသင်းရဲ့ ဝေဒနာတွေကိုလည်း စောင်းပါးရိပ်ခြည် နားလည်နိုင်ကြပြီဆိုရင်ဖြင့် အိပ်ရေးပျက်ရကျိုးနပ်ပါပြီ။ ကွန်ပြူတာမရှိသူများကိုလဲ ပါးစပ်သတင်းနဲ့ ရှယ်လိုက်ကြပါ။ အသေးစိတ်သိလို လှူဒါန်းလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆရာပု (087-571-9773)
ကိုရန်မျိုးအောင် (089-641-3454)
ကိုစိုး (089-641-1187)
အရှည်ကြီး (086-933-6470)
ကိုဇော်မင်းနိုင် (083-625-1439)
ကိုသိမ်းဆန်း (083-162-0605)
ကိုသန်းဇော် (085-164-7079)

အလှူရှင်များနှင့်တကွ ဖိဝစ်၊ ဦးခမ်းပါ(ကျောင်းကြီးကျောင်း ဂေါပကအဖွဲ့ဝင်)၊ ဖုန်းဆက်မရလျှင် ကျောင်းထဲအထိသွားရောက်ပင့်ဆောင်ခြင်းခံရသော ဘုန်းတော်ကြီးများ၊ နာရေးကူညီမှုအသင်းမဲဆောက် အသင်းဝင်များ (ကျွန်တော်အပါ အဝင်)၊ သုံးဆယ့်တဘုံကျင်လည်ကုန်သော သတ္တဝါအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။ (နာရေးများများ မဖြစ်ပါစေနဲ့)


ရန်မျိုးအောင် (12/08/2011   04:53 hr)

Saturday, August 6, 2011

MAP ရေဒီယိုဌာနမှ တွေ့ဆုံမေးမြန်းချက်များ

နာရေးကူညီမှုအသင်း(မဲဆောက်)ရဲ့အများအကျိုးအတွက်တက်ညီလက်ညီနဲ့ကူညီဆောင်ရွက်နေကြတာကို
လူသတင်းလူချင်းဆောင် ဆိုတဲ့အတိုင်းမဲဆောက်မြို့နေ မြန်မာပြည်သားများတစ်ယောက်နဲ့တစ်ယောက်
ပြောဆိုချီးမွန်း ဝေဖန်သံတွေကြောင့်  MAP RADIO  ဌာနမှလာရောက်တွေ့ဆုံမေးမြန်းထားတဲ့ 
အသံဖိုင်လ်ဖြစ်ပါတယ်



မြန်မာပြည်သားမိတ်ဆွေများအနေဖြင့် နာရေးကူညီမှုအသင်း(မဲဆောက်) ၏ ရည်ရွယ်ချက် ရည်တည်မှု (အသင်း လည်ပတ်မှု) အခက်အခဲ၊ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်လက်ရှိအချိန်ထိ ကူညီထောက်ပံ့သူ 
အလှူရှင် စေတနာရှင်များအခြေအနေနှင့် နာရေးတစ်ခုအတွက် ဆောင်ရွက်ရာတွင် မဖြစ်မနေ သုံးစွဲရတဲ့ 
ငွေကြေး ကိစ္စများကို ဗဟုသုတအနေဖြင့်သိရှိစေရန်အလို့ငှာ နားဆင်နိုင်ရန်အတွက် ဖေါ်ပြပေးထားခြင်းဖြစ်ပါသည်။

Monday, August 1, 2011

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်။

နာရေးကူညီမှုအသင်း(မဲဆောက်)တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် မြန်မာပြည်သားအလုပ်သမားများထံ အလှူခံရန် စာအိတ်များ (24/07/2011) နေ့တွင်စတင်ဖြန့်ဝေခဲ့ပါသည်။ အလှူရှင်များကို နာရေးကူညီမှုအသင်း(မဲဆောက်)မှ အထူးကျေးဇူးတင်ရှိပါသည်။  Type rest of the post here

Monday, July 25, 2011

ကျနော်တို့ပိုအလုပ်လုပ်ရမည်



နာရေးကူညီမှုအသင်း(မဲဆောက်) ရဲ့ ရည်ရွယ်ချက်တွေထဲမှာ မပါသေးတဲ့ အခြေအနေ တခုကို ကျနော်တို့ ရင်ဆိုင်လိုက်ရပြန်ပြီ။ တကယ်က ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်သုံးခုလောက်ထဲက တိုက်ဖျက်နေခဲ့တဲ့ tropical diseases မှာ ပါဝင်နေတဲ့ ငှက်ဖျားဆိုတဲ့ ရောဂါက ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားလူငယ်တစ်ဦးရဲ့ ဘဝကို ဖျက်ဆီးလိုက်ပြန်ပါပြီ။



ကျွန်တော်တို့ နာရေးကူညီမှုအသင်းဖွဲ့စည်းခဲ့တာ တနှစ်ကျော်ကာလထဲ ရောက်နေပါပြီ။ ကြုံတွေ့ခဲ့၊ ကြုံရဆဲ အခက်အခဲအမျိုးမျိုးကြောင့် အခြားအဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ် ပြန့်ပြန့်လက်တွဲဆောင်ရွက်နိုင်ခွင့်က နည်းပါးနေသေးတော့ အခုလိုကာကွယ်ကုသဖို့ အကုန်အကျလည်း နည်း၊ ကုသပျောက်ကင်းနိုင်တဲ့ရောဂါတစ်ခုက အရွယ်ကောင်းလူငယ်တစ်ဦးရဲ့ မိသားစုဘဝကို ဖျက်ဆီးသွား နိုင်တာပါ။ ကိုထွန်းလင်းဦးဟာ လူမမယ် ကလေးငယ်တဦးနဲ့ဇနီးသည်ကို တိုင်းတပါးမှာ စိတ်ချသွားနိုင်မယ် တော့မထင်ပါဘူး။ မဲဆောက်မြို့နဲ့ 48 ကီလိုမီတာအကွာမှာ တောင်ယာခြံလုပ်ငန်းအလုပ်သမားအဖြစ် မိသားစုကို သမ္မာအာဇီဝကျကျ လုပ်ကိုင်ကျွေးမွေးနေသူတယောက်ဖြစ်ပါတယ်။ ငှက်ဖျားဖြစ်မှန်းမသိ သိလို့လဲလာရမယ့် ခရီးမှာ တရားမဝင်အလုပ်သမားဆိုတော့ အာဏာပိုင်တွေရဲ့ အဖမ်းအဆီးကို ကြောက်၊ ရရာဆေးမြီးတိုနဲ့ကုသနေရာက အိပ်ရာထဲလဲမှ ဖြစ်ချင်ရာဖြစ်ဆိုပြီး မဲဆောက်ကိုလာ  ကျောင်းသားဆေးခန်း ကိုရောက်တော့ အချိန်မမီတော့ပါဘူး။ ငှက်ဖျားပိုးက ဦးဏှောက်ထဲရောက်နေပါပြီ။ သူ့ဘဝရဲ့နောက်ဆုံး အချိန်မှာ အသက်သာဆုံး ဖြစ်ရအောင် ကျောင်းသားဆေးခန်းကပဲ ဘန်းဆောင်ခွဲရပ်ထဲမှာ အိမ်ခန်းငှား ပေးထားပြီး စောင့်ရှောက်ထားရင်း ရက် 20 အကျော်မှာ ဘဝတပါးကိုပြောင်းသွားခဲ့ပါတယ်။ ကျန်ရစ်သူဇနီးသည်ခမျာလဲ ဘာမှမလုပ်တတ် မကိုင်တတ်ဖြစ်နေတော့ အိမ်နီးနားချင်းတွေရဲ့ အကြောင်းကြား ပေးမှုကြောင့် ညနေခင်း 5နာရီကျော်မှာ ဘုန်းကြီးပင့် သရဏဂုံတင်ပြီး နေ့ချင်းပြီး သင်္ဂြိုလ်ပေးခဲ့ရပါတယ်။
နာရေးအသင်းဝင်အများစုဟာ မိမိတို့ရဲ့ မိခင်အဖွဲ့အစည်းတာဝန်သို့မဟုတ် မိသားစုအရေးတွေနဲ့ အခက်အခဲ အမျိုးမျိုးကြားက ကြိုးစားရုန်းကန်နေကြရတာကို ကိုယ်ချင်းစာပေမယ့် ကိုထွန်းလင်းဦးလို နောက်ထပ်မြန်မာ ပြည်သားတွေ နောက်မကျကြရအောင် ကျနော်တို့ ဝိုင်းဝန်းစဉ်းစားပြီး ပိုအလုပ်လုပ်ကြရအုံးမယ်လို့ ယူဆမိကြောင်းပါ။

Saturday, July 2, 2011

လုပ်နေတာက စေတနာ၊ လုပ်ပြီးခဲ့တာက ကံ

လူတွေဟာ ဘာပဲလုပ်လုပ် စေတနာနဲ့လုပ်တတ်ကြပါတယ်။ စိတ်ရင်းမကောင်းတဲ့သူဟာ သူ့စိတ်ဆိုးကစေ့ဆော်တဲ့အတိုင်း စေတနာဆိုးနဲ့လုပ်ပါတယ်။ စိတ်ရင်းစေတနာကောင်းပြီး ကံကံ၏အကျိုးကို ယုံကြည့်တဲ့သူတွေကတော့ စေတနာကောင်းနဲ့ အလုပ်လုပ်လေ့ရှိကြပါတယ်။

ကိုယ့်စေတနာကိုယ်အကျိုးပေးတယ်ဆိုတဲ့ စကားအတိုင်း စေတနာဆိုးနဲ့ လုပ်လိုက်လို့ အလုပ်တစ်ခုပြီးမြောက်သွားတယ်ဆိုရင် အဲဒီလူအတွက် ကံဆိုးတစ်ခုရသွားတာပါပဲ။ မကောင်းကျိုးပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။ အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ အလုပ်တစ်ခုပြီမြောက်သွားတဲ့အခါမှာ ကံကောင်းတစ်ခုပြီးမြောက်သွားပါတယ်။ အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။
ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။ ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို မဆောက်တည်နိုင်တဲ့သူတွေကတော့ အမှားပိုလုပ်တတ်ကြပါတယ်။ အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။ သူကံဆိုးတာဟာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို အပြစ်ပုံချတတ်ကြပါတယ်။ အမှန်တကယ်တော့ သူတစ်ပါးက မိမိကို မကောင်းကြံတယ်ဆိုရင်တောင်မှ မိမိဘက်က ချို့ယွင်းချက်ရှိနေလို့ပါပဲ။ အဲဒီလို့ မတွေးနိုင်ပဲ သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီးလက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခုထပ်တိုးပြီး ကံဆိုးသံသရာက ရှည်နေတော့မှာပါ။
မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင် ဘုရားတရားသံဃာ ရတနာသုံးပါရဲ့ အဆုံးအမနဲ့အညီ နေထိုင်မယ်လို့ စိတ်ကိုဖြောင့်ဖြောင့်ထားကာ စေတနာမှန်နဲ့ နေထိုင်လုပ်ကိုင်ရမှာဖြစ်ပါတယ်။
ကံဆိုးအကျိုးပေးတဲ့အချိန်မှာတောင်မှ မိမိကိုယ်ကို ဆောက်တည်ပြီးကံဆိုးတွေ သိပ်မပြင်းထန်အောင် ကြိုးစားနိုင်သေးတယ်ဆိုရင် ကံကောင်းတဲ့သူများလည်း ကံပိုပြီး ကောင်းလာအောင်ကြိုးစားဖို့သင့်ပါတယ်။
လာဇာဒေ၀ဓီတာ ပေါက်ပေါက်နတ်သမီးကလေး ဆိုတဲ့ နတ်သမီးကလေးတစ်ယောက်ရဲ့ အကြောင်း ကိုကြည့်ရအောင်...
သူဟာမူလက အလွန်ဆင်းရဲတဲ့ လယ်သူမကလေးဖြစ်ပါတယ်။ အရှင်မဟာကဿပ ရဟန္တာအရှင်မြတ်ကြီးဟာ နိရောဓ သမာပတ်က ထတော်မူတဲ့အခါ ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး အဲဒီသူဆင်းရဲမကလေးထံက ပေါက်ပေါက်များကို အလှူခံခဲ့ပါတယ်။ ပေါက်ပေါက်များကိုလှူပြီး ဒါနအပေါ်မှာ ပီတိဖြစ်ပြိး အိမ်ကိုအပြန် လမ်းမှာ မြွေကိုက်ပြီးသူဆင်းရဲမကလေး သေရှာပါတယ်။ သေလျှင်သေချင်း သူ့ကုသိုလ်အဟုန်ကြောင့် နတ်သမီးဖြစ်သွားပါတယ်။
လာဇာဒေ၀ဓီတာ အမည်နဲ့ နတ်သမီးဖြစ်လာတဲ့ သူဆင်းရဲမကလေးက သူအဖြစ်ကို သူချက်ချင်းဆင်ခြင်ပါတယ်။ အဲဒီအချိန်မှာ သူ့အလောင်းဟာ လယ်ကန်သင်းရိုးပေါ်မှာပဲ ရှိနေပါသေးတယ်။ နတ်သမီးကလေးက သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါကလား၊ နတ်သမီးဘ၀မျာ မေ့လျော့ ခံစားနေခဲ့ရင် တစ်နေ့မှာ ကုသိုလ်ကံအဟုန် ကုန်သွားလိမ့်မယ်။ ကုသိုလ်အမှုများကို ထပ်ပြုဦးမှ တော်မယ်ဆိုပြီး ကုသိုလ်အမှုများ ထပ်ပြီးပြုတဲ့အတွက် သောတာပန်တည်သွားခဲ့ပါတယ်။
အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ သတိထားဖို့သင့်တဲ့အချက်ပါ။ ကုသိုလ်ကံကောင်းဆိုတာ မျိုးစေ့ကောင်းနဲ့တူပါတယ်။ မျိုးစေ့ကောင်းကို လက်ဝယ်ပိုင်ပိုင်ရထားတဲ့ သူများက ပိုပြီးသတိထားရပါမယ်။ ကုသိုလ်မျိုးစေ့ကောင်းပါလျက်နဲ့ ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင် မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။ အဲသည်လိုပါပဲ၊ မိမိရဲ့အတိတ်ကံက ကောင်းနေရုံသာမက အခုအချိန်မှာလည်း ကောင်းတဲ့အမှုများကိုလုပ်ပြီး ကောင်းမှုဆက်နေတဲ့သူဖြစ်ခဲ့ရင် ကံအကျိုးပေးပုံက ရှင်သန်နေမှာဖြစ်ပါတယ်။
          စာရေးသူတို့ဘာသာထဲကို တစ်ခြားဘာသာမှ ကူးပြောင်းလာသော စာရေးသူ၏ မိတ်ဆွေတစ်ဦးမှအီးမေးလ်ဖြင့်
မေးမြန်းလာသဖြင့် မိမိမသိသော အချက်အလက်များအား ဆရာသမား ဖြစ်သူကိုမေး တစ်ခြား ဘာသာရေး ဘလောဂ့်များကနေ ကိုးကားနဲ့ မိုးလင်းကာနီးမှာ အဆင်ပြေသွားတော့ သူ့ဆီ မေးလ်ပို့ လိုက်တယ် ၁၅ မိနစ်လောက်ကြာတော့ ဖုန်းလှမ်းခေါ်တယ် ဒီအကြောင်းအရာတွေ ဖတ်ခွင့်ရတာ အရမ်းလူဖြစ်ရကျိုးနပ်ကြောင်း အနှစ် ၂၀ ကျော်ကိုးကွယ်လာသော ဘာသာကိုစွန့်လွှတ်ခဲ့တာဆုံးဖြတ်ချက်မှန်ကန်ကြောင်း အားရပါးရပြောပါသည်၊ သူနေတဲ့နိုင်ငံမှာတော့ ညနေပိုင်းလောက်ရှိမယ်ထင်တယ် စာရေးသူကတော့ မိုးလင်းခါ နီးနေပြီဆိုတော့ မတတ်နိုင်တော့ဘူး အဲဒါနဲ့ တိုတိုတုတ်တုတ်ဖြစ်အောင် ဘာလုပ်ပေးရအုန်းမလဲလို့မေးတော့
သူဒီအကြောင်းတွေဖတ်ရတာ အရမ်းအကျိုးကျေးဇူးကြီးကြောင်းနဲ့ တစ်ခြားဘာသာရေး စိတ်ဝင်စားတဲ့သူတွေလဲဖတ်ရအောင် ဘလော့ဂ်တစ်ခုမှာ ပို့စ် တစ်ခုအဖြစ်နဲ့ တင်ပေးပါလား တဲ့ 
အိပ်ချင်မူးတူးဖြစ်နေတဲ့ စာရေးသူလဲ မဆိုင်းမတွ အင်း ပေါ့ ကတိပေးလိုက်တယ် 
အဲဒါနဲ့ဘဲ ဒီပို့စ်လေး တင်ဖြစ်တာပါ၊


သူမေးထားတဲ့နောက်တစ်မျိုးက (၃၁) ဘုံနဲ့ အဲဒီဘုံတွေရဲ့အကွာအဝေးပါ


(၁)အပါယ်ဘုံ=၄ဘုံ
(၂)လူ့ဘုံ=၁ဘုံ
(၃)နတ်ဘုံ=၆ဘုံ
(၄)ရုပ်+နာမ်(ဗြဟ္မာ)=၁၅ဘုံ
(၅)ရုပ်သက်သက်(ဗြဟ္မာ)=၁ဘုံ
(၆)နာမ်သက်သက်(ဗြဟ္မာ)=၄ဘုံ
(စုစုပေါင်း၃၁ဘုံဖြစ်သည်)
---------------------------------------
-ကမ္ဘာမြေပြင်အောက်ယူဇနာ(၁၅၀၀၀)အကွာတွင်=သိဥ္စိုဝ်းငရဲတည်ရှိသည်။
-ထိုငရဲအောက် ကာလသုတ်ငရဲ၊သံဂါတငရဲ၊ရောရုဝငရဲ၊မဟာရောရုဝငရဲ၊တာပနငရဲ၊
မဟာတာပနငရဲ၊အ၀ီစိငရဲတို့သည်လည်း ယူဇနာ(၁၅၀၀၀)ခြားစီ အဆင့်ဆင့်တည်ရှိကြသည်။
----------------------------------------------------------------------------------------------------------------
-လူ့ဘုံအထက်ယူဇနာ(၄၂၀၀၀)အကွာယုဂန္ဓိုရ်တောင်ထိပ်၌ စတုမဟာရာဇ်နတ်ပြည်တည်ရှိသည်။
-စတုမဟာရာဇ်နတ်ပြည်အထက်ယူဇနာ(၄၂၀၀၀)အကွာမြင့်မိုရ်တောင်ထိပ်၌
တာဝတိံသာနတ်ပြည်ရှိသည်။
-ယင်းအထက် ယာမာ၊တုသိတာ၊နိမ္မာနရတိ၊ပရနိမ္မိတ၀ဿဝတ္တီ၊
တို့သည်လည်းယူဇနာ(၄၂၀၀၀)စီခြားလျှက်အဆင့်ဆင့်တည်ရှိကြသည်။
----------------------------------------------------------------------------------------------------------------
-ပရနိမ္မိတ၀ဿဝတီနတ်ပြည်ဧ။်အထက်-----------
-ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
အောက်ဆုံးဗြဟ္မာ(၃)ဘုံ(သို့မဟုတ်)ပထမဈာန်(၃)ဘုံ ဖြစ်ကြသော
(ဗြဟ္မာပါရိသဇ္စာ၊ဗြဟ္မာပုရောဟိတာ၊မဟာဗြဟ္မာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-ပထမဈာန်(၃)ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
ဒုတိယဈာန်(၃)ဘုံ ဖြစ်ကြသော
(ပရိတ္တဘာ၊အပ္ပမာဏာဘာ၊အာဘဿရာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-ဒုတိယဈာန်(၃)ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
တတိယဈာန်(၃)ဘုံဖြစ်ကြသော
(ပရိတ္တသုဘာ၊အပ္ပမာဏာသုဘာ၊သုဘကိဏှာ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-တတိယဈာန်ဘုံအထက်=ယူဇနာ(၅သန်း၊၅သိန်း၊၈သောင်း)အကွာ
စတုတ္ထဈာန်(၇)ဘုံ ဖြစ်ကြသော
(ဝေဟဂ္ဖုလ်ဘုံ၊အသညသတ်ဘုံနှင့်သုဒ္ဓါဝါသ-၅ဘုံ)ဘုံတို့သည်
ဘေးတိုက်တန်းစီလျှက်တည်ရှိကြသည်။

-စတုတ္ထဈာန်ဘုံအထက်=ယူဇနာ၅သန်း၊၅သိန်း၊၈သောင်းအကွာ
နာမ်သက်သက်သာရှိသောဗြဟ္မာ့ဘုံ-၄ ဘုံဖြစ်သော
(၁)အာကာသာနဉ္စယတနဘုံ
(၂)၀ိဥာဏဉ္စာယတနဘုံ
(၃)အာကိဉ္စညာယတနဘုံ
(၄)နေ၀သညာနာသညာယတနဘုံ တို့သည်
ယူဇနာ၅သန်း၊၅သိန်း၊၈သောင်း အကွာစီအဆင့်ဆင့်တည်ရှိကြသည်။


ကျေးဇူးတင်ပါသည်။
မောင်မင်း                                                           



Friday, July 1, 2011

မတောင်းပန်ဘူးကွာ

ငါ တဲ့။ တစ်လုံးတည်း။ ငါ့လို တော်တတ် မြင့်မြတ် ပုဂ္ဂိုလ်က .. ငါ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့လိုပရဟိတအကျိုး ရွက်သယ်ပိုးနေသူက သူ့လိုပုဂ္ဂိုလ်မျိုးကို ဘာလို့ တောင်းပန်ရမလဲ။ 
မတောင်းပန်နိုင်ဘူး။ လုံးဝမတောင်းပန်နိုင်ဘူး။

 အဲဒီလိုနဲ့ ပြီးရင်လည်း ပြီးသွားမယ့် ကိစ္စကို မတောင်းပန်နိုင်လောက်အောင် “ငါ” ဆိုတဲ့ တရားက လူတွေကို လှုပ်မရအောင် ချုပ်ကိုင်ထားတတ်တယ်။ တရားတွေကို သိတဲ့ ပုဂ္ဂိုလ်၊ အားလုံးကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုး ကိုတောင် ငါဆိုတဲ့ တရားက ချုပ်ကိုင်လိုက်ပြီးဆိုရင် အချုပ်ကိုင်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုမှ လှုပ်လို့ မရတော့ဘူး။ ကိုယ်မှားနေတာကို မှားနေမှန်း မသိအောင် အသာအယာလေး တိုးတိုးတိတ်တိတ်လေး ဖုံးကွယ်ပေးထားတတ်တဲ့ အနုသယ တရားတွေကြောင့်လေ။ တည့်တည့်ပြောရရင် ပုန်းနေတဲ့ တရားပေါ့။

ခုလည်း ကြည့်လေ။ ဝဿကာရ ပုဏ္ဏားဟာ အရှင်မဟာကစ္စည်းထေရ်ကို “တပည့်တော်မှ အရှင်ဘုရားကို မျောက်လို့ ခိုင်းနှိုင်းမိတဲ့ အတွက် တောင်းပန်ပါတယ် ဘုရား”လို့ ပြောလိုက်တာနဲ့ ပြီးသွားပြီ။ ဒါပေမယ့် သူတောင်းပန်လား။ မတောင်းပန်ဘူး။ လုံးဝ မတောင်းပန်ဘူး။ ဘယ်တောင်းပန်မလဲ။ သူက နယ်နယ်ရရပုဂ္ဂိုလ်မှ မဟုတ်ဘဲ။ ဗိမ္မိသာရလက်ထက်ကတည်းက ရှင်ဘုရင်ဆီမှာ အမှုတော် ထမ်းလာခဲ့တာ အခု အဇာတသတ်လက်ထက်ထိလေ။ ပြီးတော့ ဝဇ္ဇီမင်းတွေ ပြိုကွဲသွားအောင် ဖန်တီးနိုင်ခဲ့တာ သူပဲ မဟုတ်လား။ ခိုင်ခံ့လှပါတယ်။ ညီညွတ်လှပါတယ် ဆိုတဲ့ ဝဇ္ဇီမင်းတွေရဲ့ တိုင်းပြည်ကို သွေးတစ်ချက်မစွန်းဘဲ ခရုကောက်သလို ဖမ်ဆီးနိုင်ခဲ့တာ သူ့လိုပုဂ္ဂိုလ်မျိုးမှ မဟုတ်ရင် ဘယ်ပုဂ္ဂိုလ်မျိုးက လုပ်နိုင်မှာလဲ။ ဒီလို ထက်မြက်တဲ့ သူက ဘယ်သူ့ဆီကိုမှ မတောင်းပန်နိုင်ဘူးလေ။ တောင်းပန်တယ်ဆိုတာ ခပ်ညံ့ညံ့လူတွေရဲ့ အလုပ်ပဲ။

တစ်ခါက အုပ်ချုပ်တဲ့ ဝဇ္ဇီမင်းတွေ အုပ်ချုပ်တဲ့ ဝေသာလီပြည်ကို မိမိဘုရင် အဇာတသတ်က သိမ်းပိုက်ချင်ခဲ့တယ်။ ဝဇ္ဇီတွေက သိမ်းပိုက်ဖို့ အတော်လေး ခက်နေတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် အဇာတသတ်က သူ့ကို ဘုရားရှင်ဆီသွားပြီး အဇာတသတ်မှ ဝေသာလီကို အုပ်ချုပ်ဖို့ ကြံစည်နေတဲ့အကြောင်း လျှောက်ခိုင်းတယ်။ လျှောက်ခိုင်းပြီးတော့ ဘုရားရှင်က မိန့်ကြားတဲ့ စကားတွေကို တစ်လုံးမကျန် မှတ်သားခဲ့ဖို့လည်း မှာလိုက်တယ်။ သူလည်း အမိန့်အတိုင်း လုပ်တယ်။ အဲဒီမှာ ဘုရားရှင်က သူ့ကို ဘာမှ မမိန့်ကြားပါဘူး။ အရှင်အာနန္ဒာကိုပဲ ဒီမေးခွန်း မေးလိုက်တယ်။

ဝဇ္ဇီတွေဟာ…
၁။ တစ်နေ့တစ်ကြိမ် အစည်းအဝေးလုပ်နေဆဲလား
၂။ မင်းကိစ္စမှန်သမျှ ညီညီညွတ်ညွတ် တိုင်ပင်နေဆဲလား
၃။ မပြဋ္ဌာန်းဖူးတဲ့ ဥပဒေကို ပြဋ္ဌာန်းတာ၊ ပြဋ္ဌာန်းပြီးသား ဥပဒေကို ထုတ်ပယ်တာမျိုးရှိလား၊
၎။ အသက်သိက္ခာ ကြီးသူတို့ကို လေးစားနေဆဲလား
၅။ အမျိုးသမီးတွေကို အဓမ္မသိမ်းပိုက်တာမျိုး မလုပ်ဘူး မလား
၆။ မြို့တွင်း မြို့ပြင်နတ်တွေကို ပူဇော်နေဆဲလား
၇။ ပညာရှိတို့ထံ နည်းနာနိဿယ ခံယူနေဆဲလား
လို့ မေးတယ်။ အာနန္ဒာက အားလုံး ပြုလုပ်ဆဲလိုက်နာဆဲ ဖြစ်ကြောင်း ပြန်လျှောက်ထားတယ်။ ဒီတော့ ဘုရားရှင်က
“ဒီလိုဆို ဝေသာလီကို ဘယ်သူမှ သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး” လို့ မိန့်တော်မူတယ်။ ဒီစကားကို တစ်လုံးမကျန်အောင် သူကပဲ အဇာတသတ်ဘုရင်ကို ပြန်လည်သံတော်ဦးတင်နိုင်ခဲ့တယ်လေ။

နောက် တိုင်းပြည်က နှင်ထုတ်လိုက်သယောင်နဲ့ သူ့ကိုပဲ ဘုရင်က အားကိုးတကြီး သူလျှိုလုပ်ခိုင်းခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် မြင်ရပြီး အသံမကြားရတဲ့ အရပ်မှာ “စားပြီးပြီလား”၊ “ဘာဟင်းနဲ့လဲ” စတဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေနဲ့ သူသွေးခွဲနိုင်လို့ ဝေသာလီပြည်က သူ့တို့ လက်အောက်ထဲ မဆိုင်းမတွ ရောက်ခဲ့ရတာလေ။ သူပြောသမျှ တင့်တယ်၊ သူပြောသမျှ အမှန်၊ သူပြောသမျှ အားလုံး လက်ခံရမယ့် အနေအထားကို ပိုင်ဆိုင်ထားသူအဖို့ အရှင်မဟာကစ္စည်းထေရ် တောင်ပေါ်က မျောက်တစ်ကောင် ဆင်းလာသလို ဆင်းလာတာကို “မျောက်တစ်ကောင် ဆင်းလာတာနဲ့ တူတယ်” လို့ သူပြောတာ အားလုံး လက်ခံ ပေးရမယ်လေ။ ဘုရားက ကြားပြီး “အရှင်မဟာကစ္စည်းထေရ်ကို မတောင်းပန်ရင် မျောက်ဖြစ်မယ်” ဆိုရင်လည်း မျောက်လုပ်လိုက်ရုံပေါ့။ ဘယ်တော ဘယ်တောင်မှာ မျောက်သွားဖြစ်ရမလဲ။ ဝေဠုဝန်တောလား။ ဒါဆို မျောက်ဖြစ်တဲ့အခါ အဆင်ပြေအောင် အဲဒီတောမှာ မျောက်ကြိုက်တတ်တဲ့ အသီးအပင်တွေ သွားစိုက်ထားရုံပေါ့။ တောင်းတော့ မပန်နိုင်ဘူး။ တောင်းပန်တယ်ဆိုရင် ပတ်ဝန်းကျင်ကလည်း ကဲ့ရဲ့မယ်။ ဘာ မဟုတ်တဲ့ အရှင်မဟာကစ္စည်းလည်း ပိုမြောက်သွားမယ်။

ဝဿကာရ ပုဏ္ဏားဟာ သူသေတော့ အဲဒီတောမှာ မျောက်တကယ် သွားဖြစ်ခဲ့ပါတယ်။ မျောက်ဖြစ်ပြီးနောက်ပိုင်း လူတွေက ဝဿကာရလို့ ခေါ်ရင် ထူးတတ်ပြီး မြို့တော်ဝန် လို့ခေါ်ရင် မျက်နှာကို လက်နဲ့အုပ်ထားတတ်တယ်။ မျောက်ဖြစ်မယ်မှန်း သိလျက် မတောင်းပန်ခဲ့တဲ့ မာနဟာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်။ သင့်ဆီမှာ အဲလိုမာနမျိုး ရှိနေရင် မြန်မြန်လေး ဖယ်ထားဗျို့။

ဂျေဂျူဝိုင်
http://jqy.myanmarfriendsday.net  မှပြန်လည်ဖေါ်ပြခြင်းဖြစ်ပါသည်။

ကြိုးဆွဲချပြန်ပြီဆိုတော့လည်း .....

မနော့ဖေါခု
အသက်(၁၉)
ကြိုးဆွဲချသေဆုံး
ဘတ်နုရာရပ်ကွက်ဝပ်ဒုံကဲရောက်

ညပိုင်းလေးနားမယ်ကြံတုန်း ည ၉း၀၀ကျော်မှ တောရကျောင်းဆရာတော်ရဲ့ ဖုန်းဝင်လာတယ် ညကြီးအချိန်မတော် ရေခဲတိုက်ထဲမှာတစ်ယောက် ထဲရေချိုပေးခဲ့ရပါတယ် ကျန်ရစ်သူခလေးငယ်က ၇ လသားပဲရှိပါသေးတယ်ဗျာ အဲဒါလားဗျာသေချင်းတရားက အယုတ်အလတ်အမြတ် မရွေးဘူးဆိုတာ
 ရောက်တက်ရာရာတွေစဉ်းစားရင်း အလုပ်လဲလုပ်ရင်းပေါ့ဗျာ နောက် ဘယ်သူမှရောက်မလာတာကြောင့် တစ်ယောက်ထဲ ယောင်ပေပေနဲ့ ရေခဲတိုက်ထဲမှာ အလုပ်ပြီးအောင်လုပ်ခဲ့ရပါတယ်....သွားရပြန်ပြီ မိုးတွေကလဲရွာလိုက်တာ လက်ကုန်ဘဲ ကိုစိုးကလဲဖုန်းမကိုင် ဆိုတော့ မောင်ရှည်တစ်ယောက်ထဲပေါ့
ည ၁၁ နာရီကျော်မှပြန်ရောက်တယ်
ကျေးဇူးကြီးပါပေ့ဆရာပုရယ်  (ဘာမှမဆိုင်ဘူး)  


လေးစားရပါသော ကျွန်တော်တို့၏ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ရဲဘော်မိတ်ဆွေများခင်ဗျာ
နာရေးအသင်းရှေ့ဆက်လုပ်ငန်းများအတွက် တနင်္ဂနွေနေ့အစည်းအဝေးသို့ မဖြစ်မနေ
တက်ရောက်ကြပါရန်လေးစားစွာဖိတ်ကြားပါသည်။

ကိုဇော်သူရ(အရှည်ကြီး)
တွဲဘက်အတွင်းရေးမှူး
နာရေးကူညီမှုအသင်း(မဲဆောက်)
၀၈၆၉၃၃၆၄၇၀

Friday, June 17, 2011

(၁၆.၆.၂၀၁၁) နာရေးများ

အမည်။                       ။ဦးညွန့်သိန်း
အသက်။                     ။(၇၃)နှစ်
သဂြိုလ်သည့်နေရာ။        ။ဘတ်နုရာ(သုသာန်)မဲဆောက်မြို့
လူကြီးရောဂါဖြစ်ကွယ်လွန်သည်။

 

အမည်။                    ။ဦးကတုံး
အသက်။                   ။(၄၀)နှစ်
သဂြိုလ်သည့်နေရာ။     ။မဲပ သုသာန်
မဲဆောက်မြို့
ဦးနှောက်သွေကြောပြတ်