အိပ်ရာဝင်တုန်းက အသံပိတ်ထားတဲ့လက်ကိုင်ဖုန်းရဲ့တုန်ခါမှုကြောင့် စောစောစီးစီးလန့်နိုးလာတယ်။ အိပ်မှုံစုံမွှားနဲ့ပြန်ဖြေလိုက်တော့ အရှည်ကြီးရဲ့အသံဝါဝါကြီးနဲ့ "အကိုရေ ကျောင်းသားဆေးခန်းမှာ တစ်ယောက်ဆုံးသွားလို့ အကူအညီတောင်းလာတယ်" ဆိုတာကြောင့် "အေးကွာ မင်းအရင်သွားနှင့်လိုက်၊ နာရေးအကူအညီတောင်းခံလွှာယူသွားပြီး လက်ခံထားနှင့်" ဆိုပြီး ကတိုက်ကရိုက် ထရတာပေါ့။ မျက်နှာသစ်လို့မှမပြီးသေး မြည်ပြန်ပြီ ခေတ်မှီ ခလောက်သံ။ အိပ်ရေးမဝလို့ တိုချင်ချင်စိတ်ကိုထိန်းရင်း(ဘယ်တိုရဲမလဲ နာရေးဖြစ်ပြီဆို အရှည်ကြီးနဲ့ တခြားသူတွေက အရင်ရောက်နေကြ) "ကဲပြောပါဦး" ပေါ့။ "အကိုရေ လာတုန်းကတော့နာရေးတခု အဲဒါက တောရကျောင်းမှာထားပြီး မနက်ဖြန်မှ စီစဉ်ပေးရမှာ၊ အခု ဒီနေ့ကို လုပ်ပေးရမယ့် တခုပေါ်နေပြန်ပြီ" "အေး အေး ငါလည်းအခု ထွက်လာပြီ" လို့ ပြောပြီး ကမန်းကတန်း အဝတ်အစားလဲ၊ ကားစက်နှိုးတော့မှ ဒီတစ်ခါ ဖုန်းဆက်ရသူက ကျွန်တော်ဖြစ်ရပြီ။ "ဟဲလို၊ ကိုဇော်မင်းနိုင်ရေ ဧရာဝတီရုံးက လူတွေလွှတ်ပေးပါအုံး၊ နာရေးနှစ်ခုထပ်မှ ကားစက်နှိုးမရလို့" ပေါ့။ အရှည်ကြီးဆီဖုန်းပြန်ဆက်တော့ ကိုစိုးလဲရောက်နေပြီတဲ့။ တော်ပါသေးရဲ့ နို့မို့ အဖေါ်မရှိရင် ဖုန်းကတဂွမ်ဂွမ်ဖြစ်အုံးမှာ။ တိုက်တိုက်ဆိုင်ဆိုင် ဆရာပုကလဲ အိပ်ယာထဲမှာ။ အေးလေ သူ့အသက်အရွယ်နဲ့ စိတ်ဆောင်လွန်းတော့ ပင်ပန်းရှာမှာပေါ့။ နာရီဝက်လောက်နေတော့ အဝေးရောက်ဧရာဝတီဝိုင်းတော်သားများ တွန်းအားပေးမှုနဲ့ ကားစက်နှိုးလို့ ရသွားတယ်။ ဘဏ္ဍာရေးမှူးဆီပြေး အကျိုးအကြောင်းပြောပြ လိုအပ်ငွေထုတ်ပြီး ကျောင်းသားဆေးခန်းကိုအရောက်သွားရတာပေါ့။ လမ်းမှာတော့ ဆီမန်းမန်းသလိုတတွတ်တွတ်ရွတ်ရင်း ကိုယ့်ကိုကိုယ်သတိပေးနေရတယ်။ "ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့၊ကားစက်မသတ်နဲ့" မေ့ပြီးသော့ပိတ်မိလို့ကတော့ ဘုန်းမောင် တယောက်တည်း။ ဖုန်းထဲက ဝိုင်းမေတ္တာပို့တာလဲခံရမယ်လေ။ ဒုတိယနာရေးက ကိုသိမ်းဆန်းတို့ဆီကတဆင့် အကြောင်းကြားတာဆိုတော့ သူတို့ရုံးက လိုက်မယ့်သူတွေသွားကြိုရသေးတယ်။ ဆေးခန်းရောက်လို့ ကာယကံရှင်ဘယ်မှာလဲဆိုတော့ ဖုန်းပြန်ဆက်မေးရတယ်။ လာတွေ့ပြန်တော့ သူတို့ကားလာမယ်တဲ့။ ကိုသိမ်းဆန်းလွှတ်ပေးမှာ ဆိုတော့ ရယ်ရမလို ငိုရမလို။ ဆုံးသွားတာဘယ်သူလဲဆိုတော့ မောင်ငယ်လေး(သူတို့အခေါ် ကိုငယ်လေး) အသက် ၆ နှစ်တဲ့။ ကဲ လူရယ်လို့ဖြစ်လာ မွေးဖွားလာပြီးရင် အသက်ဘယ်လောက်၊ ပညာအရည်အချင်းဘယ်လို၊ ဘယ်နေရာ ဘယ်အချိန် ဘယ်လိုစည်းကမ်း ဥပဒေမှမရှိ။ ဂရုလဲမစိုက်တဲ့ သေမင်း(No rule and don't care!) "မင်းအမေ အရူးမကြီးကို လာကြည့်ပါအုံး"လို့ မိုးထဲရေထဲ ရွှံ့ဗွက်ရေတွေပေါ် လူးလှိမ့်ငိုကြွေးနေတဲ့ အမေဆီက လုယူသွားခဲ့ပြီလေ။ သူ့အပူက ကျွန်တော်တို့ဆီလာဟပ်နေပေမယ့် ထုံးစံအတိုင်း ကာယကံရှင်ရဲ့ နေရပ်၊ လက်ရှိနေရာ၊ ကူညီပေးရမယ့်အချက်အလက်တွေတောင်းယူ အကူအညီတောင်းခံလွှာမှာဖြည့် လက်မှတ်ထိုးခိုင်းရတာပေါ့။ ( စေတနာနဲ့ တဖွဲ့ကို တဖွဲ့ အကူအညီဝိုင်းပေးကြတာတောင် အလောင်းလုတယ်၊ အလောင်းကောက်စားတယ်ဆိုတဲ့ ဘေးကအသံတွေကြောင့် အပူသည်တွေကို အပူပေးနေကြရတာကို တွေးမိတော့လဲ စိတ်မကောင်းစရာပါ။) အရှည်ကြီးနဲ့ ကိုစိုးက ပထမနာရေးအတွက် တောရကျောင်းမှာ အစီအစဉ်လုပ်နေချိန် "ကျမသားလေးကို မယ်ကုလွမ်ပြန်ယူသွားမယ်၊ မိသားစု အသိုက်အဝန်းအစုံအညီနဲ့ သင်္ဂြိုလ်ချင်တယ်"ဆိုတဲ့ ကိသာဂေါတမီလက်သစ်ကို တိုင်းတစ်ပါးမြေမှာ သူ့ရိုးရာထုံးစံတွေနဲ့မို့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါ။ သို့သော်လည်း သူရှိစေချင်တဲ့ အသိုက်အဝန်းကို သင်္ဂြိုလ်အမီရောက်လာအောင် ဝိုင်းဝန်းကြိုးစားပေးခဲ့ ရပါတယ်။ အချိန်တိုအတွင်းစီစဉ်ရတော့ လူပန်းစိတ်ပန်းဖြစ်ရပေမယ့် အပြစ်တင်စရာကဘယ်သူလဲ။ လောကကြီးမှာ ကြုံရမယ့်အခက်အခဲတွေကို လူလည်ကျစွာရှောင်ထွက်သွားတဲ့ မောင်ငယ်လေးလား? စည်းမရှိ ကမ်းမရှိ ထင်ရာလုပ်နေတဲ့ ယမမင်းလား? စေတနာကို ကံလို့ ယုံကြည်နေတဲ့ ကျွန်တော်တို့လား? ဝိုင်းစဉ်းစားပေးကြပါဦး။
ရက်ရာဇာ (28/07/2010)
0 comments:
Post a Comment