Wednesday, September 29, 2010

ကံဆိုးမသွားလေရာ.....

မစိုးစိုးမော်
အသက် (၃၄) နှစ်
ယာဉ်တိုက်မှု
ကွယ်လွန်သည့်နေ့ = 26/09/2010

မစည်ကားအပ်သော အရပ်၊ မပတ်သက်ချင်သောနေရာတွေလို့ ဘိုးဘွားစဉ်ဆက် ပြောစမှတ်ပြုခဲ့တဲ့ ဆေးရုံ၊ ရဲစခန်း(သို့) တရားရုံး နှင့် သုဿန်.....။ ဒါပေမယ့် မစိုးစိုးမော်ကတော့ အဲဒီနေရာအားလုံးကို တပြိုင်နက်တည်း ရင်ဆိုင်လိုက်ရပါပြီ။ ကျန်ရစ်သူခင်ပွန်းနဲ့ လူမမယ် သမီးလေးနှစ်ယောက်အတွက် ဘယ်လောက်ပဲ စိတ်မချပေမယ့် လောကဓံတရားတွေထဲမှာမှ အဆိုးလေးပါးနဲ့ ရေစက်မကုန်လေတော့.....။



ဘယ်လိုဘဲဖြစ်ဖြစ် ဝမ်းနည်းကြေကွဲမှုတွေကိုဘေးဖယ် သွားလေသူအတွက် နောက်ဆုံးခရီး ပြီးစီးအောင်ဆောင်ရွက်ဖို့က နာရေးကူညီမှုအသင်း(မဲဆောက်)မှာ ရောက်လာပြန်တာပေါ့။ ထုံးစံအတိုင်း ကျောင်းကြီးမှာ အသုဘရှုဖို့ပြင်ဆင်အပ်နှံ၊ ၂၈ရက်နေ့မှာ ဘန်းနူရာ သုဿန်မှာကောင်းမွန်စွာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ အော် ဒီနေ့မှ မိုးတွေကလည်းသည်းလိုက်တာ။ ဖြစ်လေရာဘဝမှာ ဒီလိုအဖြစ်ဆိုး ထပ်မတိုးပါစေနဲ့ စိုးစိုးမော်(ကံဆိုးမ)ရယ်လို့ ဆုတောင်းရင်း.......။

Tuesday, September 21, 2010

FREE ( အခမဲ့)ဆိုတာမထည့်နိုင်သေးသော်လည်း.....

စက်တင်ဘာ ၁၈ ရက်နေ့က မဲဆောက်မှ ကက်ပီပန်းသွားတဲ့လမ်းမကြီးဘေး၊ တရုတ်စာသင်ကျောင်းအနီးမှာရှိတဲ့ KS သိုးမွှေးစက်ရုံအနီးတန်းလျားတွင် နေထိုင်သောနာရေးတခုက ကျနော်တို့နာရေးကူညီမှုအသင်း (မဲဆောက်) ကို အကူအညီ တောင်းခံလာပါတယ်။ ကျနော်တို့အဖွဲ့တွေ ချက်ချင်းရောက်သွားခဲ့ပါတယ်။ သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ ကိုမြင့်ဌေးဆိုသူဖြစ်ပါတယ်။ သူဟာမြန်မာပြည်မှာတုန်းကမန္တလေးတိုင်း၊ မန္တလေးတောင်ရပ်ကွက်မှာ နေထိုင်ခဲ့သူဖြစ်ပြီး မဲဆောက်မှာ လက်သမားအလုပ်လုပ်ပါတယ်။ သေဆုံးချိန်မှာ ဇနီးနဲ့အသက်၂ နှစ်အရွယ် သမီးလေးတဦး ကျန်ရစ်ခဲ့ပါတယ်။ ဇနီးသည်ရဲ့ မိခင်အိုကြီးလည်းတွေ့ခဲ့ပါတယ်။ ကိုမြင့်ဌေးဟာ အိမ်ထောင်ဦးစီး တယောက်အနေနဲ့ မိသားစုကိုရှာဖွေကျွေးခဲ့ပါတယ်။ ကိုမြင့်ဌေးနေမကောင်းဖြစ်တဲ့အချိန် အလုပ်မဆင်းနိုင်တာ၊ ဆေးကုရတာတွေနဲ့ မိသားစုမှာလဲဒုက္ခရောက်ခဲ့ရပါတယ်။









သေဆုံးတဲ့နေ့ဟာ စနေနေ့ဖြစ်နေတော့ ကျနော်တို့အသင်းကို အခေါင်းအလှူပေးနေတဲ့ တရုတ်ဘုံကျောင်းရှေ့မှာ ဈေးပွဲတော်ရှိနေတဲ့အတွက် အခေါင်းထုတ်လို့ မရခဲ့ပါဘူး။ ဘုန်းကြီးကျောင်းကလည်း ရေခဲသေတ္တာမရှိတော့ အခေါင်းကို အပြင်မှာ ချက်ချင်းဝယ်လိုက်ရပါတယ်။ ဈေးအနဲဆုံး အခေါင်းတောင် ဘတ် ၁၇၀၀ ပေးလိုက်ရပါတယ်။ ကိုမြင့်ဌေးရဲ့အပေါင်း အသင်းတွေရဲ့ အကူအညီနဲ့ နာရေးကူညီမှုအသင်းရဲ့ အကူအညီပေါင်းပြီးနာရေးကိစ္စကို စက်တင်ဘာ ၂၀ ရက်နေ့က ကောင်းမွန်စွာ သင်္ဂြိုလ် ပေးနိုင်ခဲ့ပါတယ်။ ကျန်ရစ်သူဇနီးသည်နဲ့ လူမမယ်ကလေး၊ အဘွားအိုတို့ ဘယ်လိုခရီးဆက်သွား ကြမယ်ဆိုတာ စိတ်မကောင်းစွာ တွေးမိခဲ့ပါတယ်။
ကိုမြင့်ဌေးရဲ့နာရေးနဲ့တချိန်တည်းမှာပဲ နောင်ဘွားမှာနာရေးတခုဖြစ်လို့ အသင်းကို အကူအညီ တောင်းလာပါ တယ်။ သူတို့ကတော့ အစစအရာရာ အကူအညီမလိုဘဲ အခေါင်းအတွက်ပဲ အကူအညီတောင်းခဲ့လို့ နာရေးအသင်းက အခေါင်းသွား ပို့ခဲ့ရပါတယ်။
စက်တင်ဘာ၂၀ရက်နေ့ နေ့လည် ကိုမြင့်ဌေးအလောင်း မြေကျပြီးရုံပဲရှိပါသေးတယ်။ မယ်တော်ဆေးခန်းမှာနာရေး တခုဖြစ်လို့ ကျနော်တို့နာရေးကူညီမှုအသင်း( မဲဆောက်)ကို အကူအညီတောင်းခဲ့ပါတယ်။ ကျနော်တို့အဖွဲ့တွေလည်း ချက်ချင်းဆိုသလို အရောက်သွားခဲ့ပါတယ်။ ဟိုရောက်တော့ သေဆုံးတဲ့သူက ကိုသိန်းဇော်၊ အသက် ( ၄၃ ) နှစ်ပါ။ မြန်မာပြည် ဖြူးမှာနေပါတယ်။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ သေဆုံးသူရဲ့အမကြီးနဲ့ သေဆုံးသူရဲ့မိန်းမဖက်က ညီအမတော်သူ နှစ်ယောက်ပဲရှိပါတယ်။ အလောင်းကောင်းမွန်စွာ မြေကျရေးအတွက် သူတို့ဘယ်ကိုအကူအညီတောင်းပြီး ဘာတွေလုပ်ရမယ်မသိဖြစ်နေလို့ မဲဆောက်မှာနေပြီး ကျနော်တို့အဖွဲ့ကို သိနေတဲ့ အမတယောက်က ဖုန်းဆက်ပေးခဲ့တာပါ။ သူ့ကိုလည်း တွေ့ခဲ့ရပါတယ်။ အာလုံးပေါင်းမှာနာရေးရှင်က ၂ ယောက်တည်းပါ။








သေဆုံးသူရဲ့အမျိုးသမီးက ဘန်ကောက်မှာအလုပ်လုပ် နေပါတယ်။ မလာနိုင်ပါဘူး။ ကျတော်တို့ကိုပဲ အပ်ပါတယ်ဆိုပြီး ဖုန်းအဆက်အသွယ်ပဲ ရပါတယ်။ မြန်မာပြည်ကနေလူနာ လာစောင့်ပေးရတဲ့ အမဖြစ်သူကလည်း ပြန်စရာတောင် လမ်းစားရိတ်မရှိတော့ဘူးတဲ့။ အဲဒါနဲ့ပဲ နာရေးကာယကံရှင်တွေရဲ့ ဆန္ဒအရချက်ချင်းသင်္ဂြိုလ်ဖို့လုပ်ရပါတော့တယ်။ ညနေ ၅ နာရီလောက်ဖြစ်နေပါပြီ။ ကျနော်တို့လည်း မသာကို ရေမိုးချိုးပေးပြီး အခေါင်းသွားယူ ကားငှါးပြီးချက်ချင်းပဲ ထေ့စဖန်းသင်္ချိုင်းမှာ မီးသဂြိင်္ုလ်ပေးလိုက်ရပါတယ်။
ကျနော်တို့နာရေးကူညီမှုအသင်း (မဲဆောက်) ဟာစတင်ဖွဲ့စည်းစဉ် ကတည်းက မြန်မာပြည်သားတွေနာရေးကိစ္စ ဖြစ်ပေါ်လာရင် အကူအညီလိုအပ်ပါက မိမိတို့တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်အကူအညီပေးမယ် ဆိုပြီးဖွဲ့စည်းဖြစ် ခဲ့တာပါ။ ပါဝင်တဲ့လူမှုရေးအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ တတ်နိုင်သလောက်စုထည့်ကြပြီး ထူထောင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ အဲဒီလို ထည့်ဝင်တာနဲ့မလောက်လို့ ပတ်သက်ရာပတ်သက်ကြောင်း၊ နီးစပ်ရာတွေမှာလည်း အလှူခံခဲ့ပါသေးတယ်။ ကျနော်တို့ ဘလော့မှာလည်း အလှူရှင်စာရင်းတွေကို ထည့်သွင်းဖေါ်ပြပေးထားပါတယ်။
ကျနော်တို့အသင်းနံမည်ကိုက Funeral Services Society ( Maesod) ပါ။ ရှေ့မှာ Free ဆိုတဲ့ စာလုံးမထည့်နိုင် သေးပါဘူး။ ကျနော်တို့လည်းထည့်ချင်ပါတယ်။ နာရေးကိစ္စတခုဖြစ်ပြီဆိုရင် နာရေးရှင်တွေ ဘာမှမပူပင်ရအောင် အစအဆုံး လုပ်ပေးချင်ပါတယ်။ ကျန်ခဲ့တဲ့မိသားစုအတွက် လည်းကူညီချင်ပါတယ်။ လက်ရှိအနေအထားမှာလည်း ဘယ်လိုမှမတတ်နိုင်တဲ့ နာရေးမျိုးဆိုရင် ကျနော်တို့ဖြစ်တဲ့နည်းနဲ့ မဖြစ်ဖြစ်အောင်ကူညီပေးပါတယ်။
အဲဒီလိုအခက်အခဲတွေကြားက စိတ်ဓါတ်တခုနဲ့အလုပ်လုပ်နေကြတဲ့ ကျနော်တို့အဖွဲ့လေးကို နာရေးရှင်များနှင့် တကွ အခြားသူများလည်း နားလည်မှုပေးနိုင်ပါလိမ့်မည်ဟု မျှော်လင့်ပါတယ်။

နာရေးကူညီမှုအသင်း ( မဲဆောက် )

Saturday, September 18, 2010

ဌာနခွဲတခု ဖွင့်လှစ်လိုက်ပြီ။

နာရေးကူညီမှုအသင်း (မဲဆောက်) အနေဖြင့် မိမိတို့နှင့်အနည်းငယ်လှမ်းသော ဒေသတစ်ခုဖြစ်သည့် ဖုပ်ဖရမြို့နယ်၊ ဆအို(ထိုင်းလူမျိုးများက စိုအိုဟုခေါ်)တွင် နာရေးကူညီမှုအသင်းတခုကို 2010ခုနှစ် စက်တင်ဘာလ 11 ရက်နေ့တွင် အောင်မြင်စွာ ဖွဲ့စည်းပေးနိုင်ခဲ့ပါသည်။ ဒေသခံများ ပြောပြချက်အရ ဖုပ်ဖရမြို့နယ်တွင် မြန်မာပြည်သား ၅သိန်းခန့်ရှိကြောင်း သိရပါသည်။ အများအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကြပါသည်။ ထိုသူများအနက် ဆအိုရှိ လူမှုရေးစိတ်ပြင်းပြသူများက အားလုံးအတွက် လိုအပ်ချက်ဖြစ်သော သာရေးနာရေးကိစ္စများကို အသင်းအဖွဲ့တရပ်ထူထောင်ရန် ကိုယ်စွမ်း ဉာဏ်စွမ်း စိုက်ထုတ်လုံ့လပြုခဲ့သည်မှာ 1992 ခုနှစ်ကတည်းက ဖြစ်ပါသည်။ သို့သော် အကြောင်းကြောင်းများကြောင့် နှောင့်နှေးကြန့်ကြာ ခဲ့ရပါသည်။

သို့သော် အကြိမ် ၁၀၀ မအောင်မြင်လျှင် ၁၀၁ ကြိမ်မြောက်သည် ကိုယ့်အလှည့်ပဲဟု ဇွဲနပဲကြီးမားကြသူများပီပီ 09/07/2010 တွင် ထပ်မံ၍ သုံးကြိမ်မြောက်ကြိုးစားကြပြန်သည်။ နာရေးကူညီမှုအသင်း(မဲဆောက်)၏ ကူညီဆောင်ရွက်ပေးမှု သတင်းများကို ကြားသိလာကြရာမှ အတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်နိုင်လျှင် ကောင်းမည်ဟု စဉ်းစားမိကြပြီး နာယကဆရာတော်မှတဆင့် ဆက်သွယ်ကာ 30/08/2010 တွင် ပထမအကြိမ် တွေ့ဆုံတိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ယနေ့(11/09/2010)တွင် ဒုတိယအကြိမ်မြောက် အသင်း၏ နာယကဆရာတော်နှင့်တကွ တာဝန်ရှိသူများ သွားရာက်ကာ ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များအတိုင်း နာရေးကူညီမှုအသင်း(မဲဆောက်) ဆအိုဌာနခွဲကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါပြီ။


Wednesday, September 8, 2010

ရေကြည်ရာမြက်နုသော်လည်း

မနေ့က ကားပေါ်ကကျပြီးအသက်ဆုံးရှုံးခဲ့ရသူ မရီရီအေး ၏ ဈာပနကိုဒီနေ့ မွန်းလွဲ တစ်နာရီခွဲအချိန်မှာ ကွယ်လွန်သူရဲ့အစ်ကို၊ ဆွေမျိုးများနဲ့စက်ရုံသူစက်ရုံသားများ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်၊ အဲဒီမတိုင်မီ နေ့လည် ၁၂ နာရီအချိန်မှာလဲ မောင်စိုးလင်းထွန်း ရဲ့ဈာပနကို ဘန်းနူရာ သုဿာန်မှာ သဂြိင်္ိုလ်ပေးခဲ့ရပါတယ်၊




ဓလေ့ထုံးစံအတိုင်းဆောင်ရွက်ပြီးတဲ့အခါမှာ ဘုန်းကြီးတွေကမန်းကတန်း ပြန်ပို့ကြပြီးတောရကျောင်းမှာရှိတဲ့ နောက်နာရေးတစ်ခုဆီပြေးခဲ့ရတာပေါ့။ အဲဒါက မရီရီအေး၊ ကျွန်တော်တို့ရောက်သွားတော့ ကျောင်းဝင်းထဲမှာ လူအပြည့်ပဲ၊ စက်ရုံလုပ်သားတွေ၊ မရီရီအေးရဲ့လုပ်ဖော်ကိုင်ဖက်ရောင်းရင်းတွေပေါ့၊ သူတို့အလုပ်ရှင်က အလုပ်ပိတ်ပေးပြီး သွားလေသူရဲ့
နောက်ဆုံးခရီးကို ပို့ဆောင်စေခဲ့တာပါ၊ ထိုင်းလူမျိုးစက်ရုံဝန်ထမ်းများ၊ မန်နေဂျာများနှင့်စက်ရုံတာဝန်ခံများပါ
လိုက်ပါပို့ဆောင်ကြပါတယ်။
အလုပ်ရှင်သူဌေးရဲ့ညီ ဖီးမစ် နဲ့ ညီမ ဖီးနစ်တို့က လိုအပ်တာတွေကိုစီမံပေးကြပါတယ်။






လိုက်ပါပို့ဆောင်ကြတဲ့လူတန်းကြီးဟာ ထေ့ဇဘန်း သုဿာန်ကိုသွားတဲ့လမ်းမှာ ထင်းထင်းကြီးရှိနေပါတယ်၊








သူတို့စက်ရုံလုပ်သားတွေ အနည်းဆုံး ၈၀၀ ကျော်လောက်တော့ရှိမယ်၊ရွာကမိတ်ဆွေများနဲ့ကျွန်တော်တို့လူမှုရေးအဖွဲ့များ၊
ယောဂီအဖွဲ့များနဲ့ ဆိုရင်တော့မနည်းတော့ဘူးပေါ့ဗျာ၊ မီးသဂြိင်္ိုလ်ခါနီး အမိန့်စာပြန်တဲ့အချိန်မှာလူတော်တော်များများငိုကြတော့
ကျွန်တော်တို့တွေတောင် မျက်ရည်ဝဲမိကြတယ်ဗျာ၊


ထိုင်းလူမျိုးစက်ရုံတာဝန်ခံတစ်ယောက်က ကျန်ရစ်သူမိသားစု ကိုအလှူငွေကူချင်ပါတယ်ဆိုတော့ မရီရီအေးရဲ့အစ်ကိုဖြစ်သူ ကိုလွင်ဦး ကိုခေါ်ပြီး တွေ့ဆုံပေးလိုက်ပါတယ်။ အားလုံး ၄ ဦးပေါ့။ လှူကြပါတယ်၊ ကိုလွင်ဦးက လက်ခံပြီး
ကျေးဇူးတင်ရှိကြောင်းနဲ့ သူ့ညီမရဲ့ဈာပနကိုယခုကဲ့သို့ ခမ်းခမ်းနားနား ဖြစ်အောင် လိုလေသေးမရှိအောင် ဆောင်ရွက်ပေးကြတဲ့
အတွက် နာရေးကူညီမှုအသင်းနှင့်အားလုံးသော တာဝန်ရှိသူများကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်လို့ပြောခဲ့ပါတယ်၊
ဖီးနစ်ကလဲ ရက်လည်ဆွမ်းကပ်တဲ့နေ့မှာ အစစ တာဝန်ယူဆောင်ရွက်ပေးသွားပါ့မယ် လို့ပြောတယ်။ စက်ရုံကမြန်မာလူမျိုးတာဝန်ခံ
တစ်ယောက်ဖြစ်တဲ့ကိုမိုးကလည်း နာရေးကိစ္စအားလုံးပြီးဆုံးတဲ့အထိ ဂရုတစိုက်ဆောင် ရွက်ပေးပါ့မယ်လို့ ပြောကြားသွားပါတယ်။
ကျွန်တော်တို့မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမားများ သေဆုံးကြပြီဆိုရင် ပိုက်ဆံရှိတဲ့သူကလည်း မလုပ်တတ် မကိုင်တတ် မသွားတတ်မလာတတ်နဲ့ ငွေရေးကြေးရေးကိုလုံးဝမတတ်နိုင်တဲ့သူတွေကလည်း ထိုင်ငိုနေရုံကလွဲပြီး ဘာမှမတတ် နိုင်ကြပါဘူး။ အဲလိုမျိုးအဖြစ်အပျက်တွေကို ကျွန်တော်တို့က ကိုယ်တတ်နိုင်တဲ့အပိုင်းကနေပြီး တစ်ယောက်တစ်အားကူညီကြရင်းက
ပိုမိုပြီးထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်အောင် ဒီ နာရေးကူညီမှုအသင်း(မဲဆောက်)ကိုစနစ်တစ်ကျ ဖွဲ့စည်းဖြစ်ခဲ့ကြ တာပါ။ အရင်တုန်းက မြန်မာပြည်သားတွေသေဆုံးခဲ့ရင် အသိအမှတ်မပြုတဲ့ ထိုင်းအလုပ်ရှင်တွေဟာအခုအချိန်မှာအများကြီး
အသိအမှတ်ပြုလာကြပါပြီ၊ အဲဒီအတွက်ကျွန်တော်တို့ ကျေနပ်ကြရမှာပါ။ ဒီထက်လဲပိုပြီးတော့ ကျွန်တော်တို့ရွှေ့ပြောင်း
အလုပ်သမားများရဲ့ ရပိုင်ခွင့်တွေ ရရှိလာအောင်ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြရမှာပါ။ ဒီနေ့လိုမျိုးအလုပ်ရှင်က နားလည်မှုရှိပြီးတော့ စားရိတ်စကနဲ့ သွားရေးလာရေးပြည့်စုံအောင် ဆောင်ရွက်ကူညီပေးတဲ့အခါ အလုပ်သမားတွေအတွက် မြန်မာပြည်သားများအတွက် များစွာအကျိုးထူးများရရှိပါတယ်။ ဒါကြောင့်လဲ အင်မတန်မှစိတ်ကောင်းနှလုံးကောင်းရှိကြတဲ့ E K စက်ရုံပိုင်ရှင် ဖီးနောင်နှင့်တစ်ကွ ဖီးမစ်၊ ဖီးနစ်နှင့်စက်ရုံမှတာဝန်ရှိသူ ထိုင်းလူမျိုးများအားလုံးကို ကျန်ရစ်သူမိသားစုနှင့်
မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုယ်စား နာရေးကူညီမှုအသင်း(မဲဆောက်)မှအထူးပဲကျေးဇူးတင်ရှိပါကြောင်းနှင့် Mr.AmNart NanTaHarn ဆိုတဲ့ ဖီးနောင် ပိုင်ဆိုင်သမျှလုပ်ငန်းအားလုံး အဆင်ပြေချောမွေ့အောင်မြင်ပါစေ
မိမိဝန်ထမ်း၊ အလုပ်သမားများရဲ့ အကျိုးများကိုလည်း ဒီထက်မက ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း..........

မောင်မင်း

Tuesday, September 7, 2010

ထိုင်းရဲအကြောက်လွန်ရာမှ

အမည်=မရီရီအေး
အသက်=၂၅နှစ်
ဘော်လီစက်ရုံ၊ မယ်ကစ်လွမ်
သေဆုံးသည့်နေ့=စက်တင်္ဘာလ ၆ရက်နေ့ ၂၀၁၀ ခုနှစ်
ကားပေါ်မှခုန်ဆင်းရင်း ရရှိသော ဒဏ်ရာဖြင့်သေဆုံး





Sunday, September 5, 2010

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ


လောကထဲမှာ မြတ်ဗုဒ္ဓသာ အမြင့်မြတ်ဆုံး ပရဟိတစွမ်းအားရှင် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလောက် ကြီးကျယ်ပြောင်မြောက် ထိရောက်အောင် ပရဟိတစွမ်းဆောင်ပေးနိုင်သူ ဘယ်သူမှ မရှိပါဘူး။ မြတ်ဗုဒ္ဓဟာ အကြီးမားဆုံး အမြင့်မြတ်ဆုံး အတိကျဆုံး အပြည့်ဝဆုံး အသေချာဆုံး ပရဟိတစွမ်းဆာင်ရှင်ပါ။ပရဟိတစိတ်နဲ့ပဲ ခက်ခဲတဲ့ပါရမီတွေ ဖြည့်ခဲ့တယ်။ ပရဟိတစိတ်ကြောင့်ပဲ ဘုရားဖြစ်ခဲ့တာပါ။ အတ္တဟိတ သက်သက်သာဆိုရင် ဘုရားဖြစ်အောင် ကျင့်နေဖို့တောင် မလိုတော့ဘူး။ သုမေဓာ ရှင်ရသေ့ဘ၀က သာဝကပါရမီ ပြည့်နေပြီပဲ၊ ဆက်အားထုတ်လိုက်ရင် ရဟန္တာဖြစ်ပြီး နိဗ္ဗာန်ရောက်ဖို့ သေချာနေပါပြီ။ ပရဟိတစိတ်ကြောင့်သာ အသက်စည်းစိမ်များစွာ စွန့်လွှတ်အနစ်နာခံပြီး ဘုရားဖြစ်ကြောင်း ပါရမီကောင်းမှုတွေကို ဖြည့်ကျင့်ခဲ့တာ ဖြစ်တယ်။

ပရဟိတဆိုတာ ပေးဖို့သက်သက်ပါ။ လှူတဲ့အခါ သီလရှိသူတွေ ရွေးချယ်ကြတာက ကိုယ့်အတွက်ငဲ့လိုပါ။ ပရဟိတကျတော့ အယုတ် အလတ် အမြတ်မရွေး လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ ဘယ်သူဘယ်ဝါ မရွေး၊ အားလုံးရဲ့ အကျိုးအတွက်ပါ။ သူတို့ဆီက ဘာတခုမှလဲ မျှော်လင့်ချက် မထားပါဘူး။ ကိုယ့်ကြောင့် သူ ချမ်းသာသွားရင် ပြီးတာပဲ။

ကမ္ဘာမှာ ကြက်ခြေနီ၊ လခြမ်းနီ စတဲ့ လူမှုရေးအဖွဲ့အစည်းတွေဟာ သူ့အတွက် ကိုယ်က အနာခံပေးရတဲ့ အဖွဲ့တွေပဲ။ ကူညီခံရသူတွေထံက တုံ့ပြန်ကျေးဇူးဆပ်မှုကို ဘာတခုမှ မမျှော်လင့် မတောင့်တကြပါဘူး။

ပရဟိတစေတနာရှင်ဟာ ကိုယ့်ကျေးဇူးကို သိလို့ တုံ့ပြန်မှုကို လုံးဝမျှော်လင့်စရာ မလိုပါဘူး။ ပရဟိတစေတနာ ရှင်ဟာ ဒုက္ခလွတ်ပါစေဆိုတဲ့ ကရုဏာ၊ ချမ်းသာပါစေဆိုတဲ့ မေတ္တာနဲ့ပဲ ကူညီတတ်တယ်။ ပေးကမ်းတတ်တယ်။ ထောက်ပံ့တတ်တယ်။ မေတ္တာ ကရုဏာ အရင်းခံတဲ့ မြင့်မြတ်တဲ့စေတနာနဲ့ပဲ ဆောင်ရွက်ပေးပါတယ်။

သူ့ဒုက္ခလွတ်စေချင်လို့ ကူညီတာက ကရုဏာ၊
သူချမ်းသာစေချင်လို့ ကူညီတာက မေတ္တာ၊
သူချမ်းသာသွားပြီလို့ ကြားရတာက မုဒိတာ။
တကယ်တော့ ပရဟိတဆိုတာ လောဘကို တိုက်ရိုက် ဖြိုဖျက်ရတဲ့အလုပ် ဖြစ်ပါတယ်။

မေတ္တာ၊ ကရုဏာနဲ့ ဆောင်ရွက်တာဖြစ်လို့ ဒေါသကိုလဲ တိုက်ရိုက်ဖျက်ဆီးနေရတဲ့ အလုပ်ဖြစ်တယ်။ အသိတရား ဦးဆောင်ပြီး လုပ်လိုက်တော့ မောဟကိုပါ သန့်စင်ခွင့် ရလိုက်ပြန်တယ်။ ဒီလိုဆိုတော့ လောဘ၊ ဒေါသ၊ မောဟကို အနိုင်ယူရတဲ့ အလုပ်ဖြစ်ပါပဲလား။ ဒါကြောင့် မြင့်မြတ်တဲ့အလုပ် ဖြစ်ရတာပါ။

လောကထဲမှာ ဆင်းရဲဒုက္ခအပူ ပြဿနာမျိုးစုံကို ဖန်တီးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ အပူငွေ့တွေကို ဖယ်ရှားသန့်စင်ပြီး မြင့်မြတ်တဲ့စိတ်ထားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ စဉ်းစားလိုက်ရင်ာ အလွန်ကြည်နူးစရာကောင်းတဲ့ အလုပ်ပါ။

(တိပိဋကဓရ ယော-ဆရာတော်)

ပရဟိတ ဆောင်ရွက်နေကြတဲ့ မောင်နှမတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ် ခင်ဗျာ။

မောင်မင်း

Saturday, September 4, 2010

သေရေးထက် နေရေးခက်ပြန်

စက်တင်္ဘာ ၃ ရက်မနက်တည်းက ကြားနေတယ်။ ဘန်ကောက်က ရဲနဲ့ လဝကတွေ မဲဆောက်ရောက်နေတယ်တဲ့။ အရင်နေ့က ကြိုသိလို့ တချို့ စက်ရုံက အလုပ်သမားတွေ ပုန်းနေ ရှောင်နေကြပြီတဲ့။ ဒါနဲ့ နာရေးဥက္ကဌလဲဖြစ် အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဝေးရောက်ဧရာဝတီအသင်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဆရာပုဆီလှမ်းမေးလိုက်တော့ "အေးဗျာ ပြေးကြလွှားကြ တရုံးရုံးဘဲ။ ညနေတော့ ကျနော်တို့ သောက်ရေနဲ့ စားစရာ ရှာဖွေပြီး ပို့ကြရအောင်" ဆိုတော့။ ညနေ ၄နာရီခွဲလောက်မှာတော့ ဧရာဝတီရုံးမှာ မားမားထုပ်၊ ရေနဲ့ ဆေးဝါးအချို့ကိုတင်ပြီး သူတို့ပုန်းတဲ့နေရာတွေကို ဖုန်းထဲကပြောပြတဲ့အတိုင်း သွားကြရတာပေါ့။ တွေ့ရတဲ့ အခြေအနေခြင်းကတော့မတူ။ အချို့က စက်ရုံက စားဖို့ တာဝန်ယူလာပို့သလို၊ ဘာမှ တာဝန်မယူ သွားချင်ရာသွားကြ နှင်ခံရသူတွေလဲမနည်း။ ၄ ရက်နေ့ကျပြန်တော့လဲ သူတို့တွေ ပုန်းနေဆဲ။ ဒါနဲ့ပဲ နာရေးကူညီမှုအသင်းနဲ့ ဧရာဝတီပူးပေါင်းပြီး တရက်အတွက်တော့ ကူညီရပြန်တယ်။ သူတို့လုံခြုံရေးအတွက် အသေးစိတ်တွေမရေးတော့ပါဘူး။ ဓါတ်ပုံတွေက ပြောပြပါလိမ့်မယ်။ တကယ်လို့ ကူညီကြမယ်ဆို နာရေးကူညီမှုအသင်း( မဲဆောက်)ကို ဖြစ်စေ၊ အဝေးရောက်ဧရာဝတီအသင်းကို ဖြစ်စေ ဆက်သွယ်နိုင်ကြပါတယ်။ ဖုန်းနံပါတ်တွေကတော့
အရှည်ကြီး (086-933-6470)
ကိုဇော်မင်းနိုင် (083-625-1439)
ကိုအောင်ကျော်စိုး (083-951-8041)
ကိုသန်းဇော် (085-164-7079)
ကိုမင်း (089-959-8992)
ကိုရန်မျိုးအောင် (084-379-3207)
ကိုစိုး (089-641-1187)
ဆရာပု (087-571-9773)